top of page

မသမာသူတွေ ကြောက်ကြပြီး အဟန့်ကောင်းတဲ့ ထိတ်လန့်စရာ ခွေးအမျိုးအစားများအကြောင်

  • Writer: Diva The Bully
    Diva The Bully
  • Apr 12, 2022
  • 5 min read


ဒီတပတ်ရဲ့ခေါင်းစဥ်ကတော့ နဲနဲစားပါတယ်။ ခေါင်းစဥ်တင်မဟုတ်ဘဲ ခုပြောပြသွားမဲ့ ခွေးအမျိုးအစား(၁၄)ခုကလဲ တကယ့် ငစားတွေပါပဲ။ တော်ရုံလူကို ဖြုံသွားအောင် ခြိမ်းခြောက်ပစ်နိုင်တဲ့ ငစားကြီးတွေပေါ့။

ခွေးတွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ မွေးကြပါတယ်။ ကလေးလို ယုယုယယထားဖို့မွေးကြသလို ကလေးတွေအတွက် ကစားဖော်ရအောင်လဲ မွေးတတ်ကြပါတယ်။ တချို့က တူတူလမ်းလျှောက်ထွက်ဖို့ ပြေးလွှားဆော့ကစားဖို့ သင့်တော်တဲ့ခွေးကို ရှာတတ်ကြသလို တချို့ကတော့ အလုပ်တွေ ကူခိုင်းဖို့၊ အမဲလိုက်တာမျိုးလုပ်ခိုင်းဖို့ မွေးချင်ကြပါတယ်။

လူအများစုကတော့ ခွေးတွေကို ကျွေးထား မွေးထားရတဲ့ အတွက် ခွေးတွေက အတုံ့အလှည့်အနေနဲ့ ပြန်ပြီး ကာကွယ်ပေးတာကို လိုချင်တတ်ကြပါတယ်။ ခွေးလေးက လူဆိုးတွေလက်ကနေ ပြန်ကာကွယ်ပေးတာကို မျှော်လင့်တဲ့ ပိုင်ရှင်တွေပေ့ါလေ…

ပိုင်ရှင်အများစုက တကယ်တော့ အဟန့်ကောင်းပြီး ကြောက်ဖို့ကောင်းတဲ့ပုံစံရှိတဲ့ ခွေးကိုသာ မွေးချင်ကြတာပါ။ ဒါမှလဲ အိမ်နား၊ လူနားကပ်လာတဲ့ လူစိမ်းတွေ၊ မဖိတ်‌ခေါ်ချင်တဲ့ ဧည့်သည်တွေက လန့်ပြီး ပြေးကုန်မှာ‌ပေ့ါဗျာ…




ခွေးတွေရဲ့ ရုပ်ထွက်တွေက အဟန့်ရှိတာ လန့်စရာကောင်းတာ ဘာကြောင့်ပါလိမ့် ?

မသမာသူတချို့က ပိုပြီးစေ့စပ်ကြတယ်။ သင့်ကို ဒုက္ခပေးဖို့လေ့လာနေတဲ့ အတောအတွင်း သင့်ခွေးရဲ့ အမျိုးအစားကိုပါ ဖော်ထုတ်ဖို့ ကြိုးစားနေတတ်ကြတယ်။ ဒါမှ ခွေးရဲ့ လှုပ်ရှားမှုကို သူခန့်မှန်းလို့ရမှာဆိုတော့ သိအောင် လိုက်ကြည့်နေတတ်တယ်။

အဟန့်ကောင်းတဲ့ခွေးတွေမှာ ဒီအချက်တွေ ရှိပါတယ်…

-အရွယ်အစား

ကြီးလေ ကောင်းလေပါပဲ။ ပေါင်(၅၀)လောက်ရှိတဲ့ pit bullတစ်ကောင်က သွားအဖြဲသားနဲ့ ကြောက်စရာကောင်းအောင် ဟောင်သံပေးရင်း ကိုယ့်ဆီ တည့်တည့်ပြေးလာရင် ရှိန်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပေါင်(၂၀၀)လောက်ရှိတဲ့ Great Daneက လှမ်းရှိုးလိုက်ရုံနဲ့ သင်တုတ်တုတ်မျှ မလုပ်ရဲဖြစ်သွားမှာပါ။



-အရောင်အဆင်း

အနက်ရောင်ခွေးတွေက တခြားခွေးတွေထက် အဟန့်ကောင်းတယ်လို့ ဆိုကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောလို့မရပေမဲ့ Rottweilers၊ Doberman Pincher၊ German Pincherနဲ့ အလားတူ အနက်ရောင်ခွေးတွေကို တိုက်ခိုက်‌ရေး၊ လုံခြုံရေးနဲ့ အစောင့်အဖြစ် အသုံးချမှုတွေနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့အချက်က အရောင်အဆင်းဆိုတာ ခွေးတစ်ကောင်ရဲ့ အဟန့်ကိုဖြစ်စေတဲ့ အချက်တစ်ခုလောက်ပါပဲ။ 175-pound Great Pyreneesတစ်ကောင်ကရော 95-pound Dobermanတစ်ကောင်ထက် အဟန့်ကောင်းနိုင်ပါ့မလား??? ဒါက ကြုံတဲ့လူပေါ်မူတည်ပြီး အဟန့်ရှိ မရှိ ဆုံးဖြတ်ရမှာပါ။


-ခန္ဓာကိုယ်တည်ဆောက်ပုံ

လေးထောင့်ဆန်တဲ့ ဦးခေါင်း၊ ကြီးမားတဲ့ပါးစပ်နဲ့ ပခုံးကျယ်ကြီးတွေကလဲ ခွေးတစ်ကောင်ကို အဟန့်ကောင်းအောင် လုပ်ပေးပါတယ်။


ဥပမာပေးရရင် pit bullတွေပေါ့…ဒဏ္ဏာရီထဲက အကြောင်းအရာတွေ မပါဘဲ ဒီခွေးတွေ အဟန့်ကောင်းတဲ့အချက်ကို စဥ်းစားမယ်ဆိုရင် လေး‌ထောင့်ပုံ ဦးခေါင်း၊ ကြီးမားတဲ့ပါးစပ်နဲ့ လက်တစ်ဖက်တည်းနဲ့ ဒိုက်ထိုးလို့ရလောက်တဲ့ ပခုံးတွေကြောင့် ရှိန်နေရတယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။



-ဟောင်သံ

ခွေးက အိဖိုင့်ဖိုင့်ဖြစ်နေရင်တောင် ဟောင်သံက ကြမ်းတမ်းမာကျောနေရင် အန္တရာယ်ပေးလာနိုင်တဲ့သူတွေ ကုပ်ပြီး ပြေးကြပါလိမ့်မယ်။



-အသွင်အပြင်

8-poundလောက်ရှိတဲ့ ချီဟွားဟွားလေးတွေကြောင့် ပေါင်200လောက်ရှိတဲ့ လူကြီး နောက်ပြန်ခုန်ဆုတ်သွားတာမျိုးကို မြင်ဖူးပါသလား??? ဒီလိုဖြစ်ရတာ ချီဟွားဟွားလေးရဲ့ ဟိတ်ဟန်၊ အသံနဲ့ အပြုအမူတို့ရဲ့ စွမ်းအားကြောင့်ဖြစ်ရတာပါ။ ချီဟွားဟွားလို အကောင်ပေါက်စလေးတောင် ဒီလောက်လှန့်နိုင်ရင် 95-poundလောက်ရှိတဲ့ Rottweilerဆိုရင် ကြံ့ကိုတောင် ရှိန်သွားအောင် လုပ်နိုင်ပါတယ်။


ဒီလိုကောင်ကြီးက သင်နဲ့ဆော့ကစားနေမယ်ဆိုရင်တော့ သင်နဲ့ဖိုက်တင်မပလေးဘဲ တခြားခွေးတွေလုပ်သလို သင့်မျက်နှာကို လျှာနဲ့ လိုက်ယက်နေပါလိမ့်မယ်။



မသမာသူတွေကို ဒုက္ခပေးမယ့် ခွေးအမျိုးအစားများ

ဒီလိုရွေးချယ်ရတာ ရွေးချယ်သူရဲ့ အစွဲပါနေနိုင်တာကြောင့် သတိထားပြီး ခွေးအမျိုးအစားအားလုံးကို ခြုံငုံမိအောင် ကြိုးစားထားပါတယ်။ ခွေးအမျိုးအစား(၇)မျိုးစီပါဝင်တဲ့ အပိုင်းနှစ်ပိုင်းခွဲပြီး ရှင်းပြပေးထားပါတယ်။


ပထမအပိုင်းမှာ pet storeနဲ့ သားဖောက်သူတွေဆီမှာ အလွယ်တကူရနိုင်တဲ့ ခွေးတွေအကြောင်း ပြောပြပေးထားပါတယ်။


ဒုတိယပိုင်းမှာတော့ ပေါပေါများများမတွေ့နိုင်တဲ့ ခွေးတွေအကြောင်းကို ထည့်သွင်းထားပါတယ်။ ဒီလို အမျိုးအစားတွေက ခွေးပေါက်လေးတွေကို ဝယ်လို့ရရင်တောင် ခက်ခက်ခဲခဲရှာရပြီး ဈေးလဲ ပိုကြီးတာမျိုးပေါ့။


IMPORTANT NOTE: အောက်ကစာရင်းထဲမှာပါတဲ့ ခွေးမျိုးတွေကို တချို့ဒေသတွေမှာ တားမြစ်ထားတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအမျိုးအစားတွေကို မွေးတော့မယ်ဆိုရင် အိမ်မှာမွေးဖို့ ဥပဒေအရ ခွင့်ပြုထားလားဆိုတာ လေ့လာပြီးမှသာ မွေးသင့်ပါတယ်။ (မြန်မာပြည်မှာတော့ သတ်မှတ်ထားတာမျိုး တရား၀င်မတွေ့ရသေးပါဘူး)



7 Common and Intimidating Dog Breeds

ဒါတွေကတော့ အတွေ့ရများပြီး သင်နဲ့ရင်းနှီးပြီးသား အဟန့်ကောင်းတဲ့ ခွေးအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

1. (Pit Bull မျိုး၀င်များ: American Pit Bull Terrier / American Staffordshire Terrier/ Standard Bully/ Staffoire Bull Terrier

2. Akita

3. Rottweiler

4. Doberman Pinscher

5. German Shepherd

6. Dogo Argentino

7. Great Dane




1. (Pit Bull မျိုး၀င်များ : American Pit Bull Terrier / American Staffordshire Terrier/ Standard Bully/ Staffoire Bull Terrier)


အဟန့်နေရာမှာတော့ ဒီကောင်တွေက သိပ်မကွာပါဘူး…pit-mixesတွေကလဲ purebredလောက်တော့ အဟန့်ကောင်းကြပါတယ်။ လူဆိုးတွေအတွက်ကတော့ ပေါင်၅၀ကနေ ၇၀ကြားရှိတဲ့ pitလိုအကောင်မျိုးကို လန့်နေကြမှာပါ။


Pitbullတစ်ကောင်ကို မွေးဖူးတဲ့သူတွေကတော့ သူတို့ဟာ ဒေါသကြီးမနေဘဲ အမြှီးလေးတနန့်နန့်လုပ်လိုက် မျက်နှာကိုယက်လိုက်နဲ့ ချစ်ဖို့ကောင်းတဲ့သူတွေဆိုတာ သိကြပြီးသားပါ။ အချစ်ခံရတဲ့ မိသားစုမှာသာ ကြီးပြင်းရရင် လူအယဥ်ဆုံးခွေးတစ်ကောင်ဖြစ်လာမှာပါ။ ဒါပေမဲ့ သူတို့ဟာ မိသားစုနဲ့ အိမ်ကို ကောင်းကောင်းကြီး ကာကွယ်ပေးတတ်ကြပါတယ်။ အနားကပ်လာတဲ့ လူစိမ်းကို တန့်သွားအောင် ကြမ်းကြုတ်တဲ့ အသွင် ပြောင်းလဲတတ်ကြပါတယ်။


Pit bullတွေက အကာအကွယ်ပေးတတ်ကြပေမဲ့ ကျွမ်းကျင်သူတွေကတော့ pit bullတွေဟာ ကာကွယ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ ယဥ်လွန်းနေတယ်လို့ သတ်မှတ်ထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ…အိမ်နားမှာ Pit Bullတစ်ကောင် ရှိနေရင် အလစ်သမားတွေကတော့ ဒိုးသွားမှာ အသေအချာပါပဲ။



2. Akita


Akitaတွေဟာ ကမ္ဘာ့အကြီးဆုံးခွေးအမျိုးအစားထဲတော့ ပါမနေပါဘူး။ ပေါင်(၉၀)ကနေ တစ်ရာလောက်အတွင်းပဲ အလေးချိန်ရှိတတ်ကြပေမဲ့ ကြီးမားတဲ့ ဦးခေါင်းနဲ့ ရှေ့ကိုပခုံးသားတွေထွက်နေတဲ့ ကိုယ်ဟန်အနေအထားက သူတို့ကို ကြောက်ဖို့ကောင်းစေတာပါ။


Akitaတွေ ဆိုတာကလဲ မိသားစုနဲ့ အိမ်ကို ကာကွယ်တဲ့ ဗီဇက သွေးထဲမှာ ပါလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီခွေးကို ဂျပန်နိုင်ငံမှာ နယ်ပိုင် မြေပိုင်ခေတ်ကတည်းက တော်ဝင်ပုဂ္ဂိုလ်တွေနဲ့ အ‌ရေးကြီးပုဂ္ဂိုလ်တွေကို ကာကွယ်ဖို့ မွေးကြပါတယ်။ အမဲလိုက်တဲ့နေရာမှာလည်း သူတို့ကို သုံးကြပါတယ်။


ကာကွယ်ပေးတတ်ပြီး အကြောက်အလန့်ကင်းတာ သူတို့သဘာဝဆိုပေမဲ့ Akitaတွေဟာ ချစ်ဖို့ကောင်းတဲ့ အိမ်မွေးခွေးတွေပါပဲ။ ဒါပေမဲ့ သူတို့ကိုလေ့ကျင့်ပေးဖို့ သိပ်မလွယ်တာကြောင့် အတွေ့အကြုံမရှိသေးတဲ့ ခွေးမွေးသူတွေကတော့ သူတို့ကို စမမွေးသင့်ပါဘူး။ သူတို့ကို ငယ်ငယ်လေးကတည်းက စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ လူနဲ့အထိအတွေ့ပေး Socializationလုပ် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။


3. Rottweiler


Rottweilerတွေဟာ ဒီစာရင်းထဲမှာ အမြဲပါလေ့ရှိကြပါတယ်။ သူတို့မှာ ရှိထားတဲ့ အသွင်အပြင်တွေကြောင့်ပဲ အဟန့်ကောင်းတဲ့ စာရင်းမှာ ပါဝင်လာတာပါ။ သူတို့က အကောင်ကြီးတယ် အမွှေးအနက်ရောင်နဲ့ တောင့်တင်းတဲ့ကြွက်သားတွေနဲ့…ပြီးတော့ လူစိမ်းတွေကိုလဲ သံသယရှိတတ်ကြသေးတယ်လေဗျာ…


Rottweilerတွေက အဟန့်ကောင်းရုံတင်မဟုတ်ပါဘူး…အပေါင်းအသင်းအနေနဲ့ အကောင်းဆုံးတွေလို့ ဆိုရပါမယ်။ သစ္စာရှိတဲ့ ချစ်ဖို့ကောင်း ခံစားလွယ်တဲ့ အကောင်ကလေးတွေအဖြစ်နဲ့ လူတွေအတွက် သူတို့ကရှိနေတာပါ။ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေချင်တာဖြစ်လို့ အိမ်မကပ်တတ်တဲ့ သူတွေ မွေးသင့်တဲ့ ခွေးလေးတွေတော့ မဟုတ်ပါဘူး။


ဖြည့်ပြောရရင် သူတို့ဟာ ဉာဏ်ရည်မြင့်ပြီး ခေါင်းကြောမာတတ်တဲ့ ကောင်စားမျိုးလေးတွေ ဖြစ်တာကြောင့် သူတို့ကိုချစ်ပေးတတ်ပြီး ယုံကြည်မှုရှိရှိနဲ့ ဦးဆောင်ပေးမဲ့ သခင်မျိုးနဲ့မှ ကီးကိုက်မှာပါ။


ဒီလို ရှေးကျတဲ့ခေတ်ကတည်းက ကြီးပြင်းလာတဲ့ မျိုးစိတ်ဖြစ်တဲ့ Rottweilerတွေဟာ အတွေ့အကြုံမရှိတဲ့ သခင်မျိုးနဲ့ဆို လုံးဝအဆင်မပြေနိုင်ပါဘူး‌နော်။ ခွေးမတွေကတော့ အထီးထက်စာရင် ပိုင်ရှင်တွေအတွက် ထိန်းကျောင်းဖို့ နဲနဲ ပိုလွယ်ကူနိုင်ပါတယ်။



4. Doberman Pinscher


ခွေးကြီးမျိုးဖြစ်တဲ့ ဒိုဘာမင်ရဲ့ မသမာသူတွေအပေါ်ခြောက်လှန့်နိုင်စွမ်းက သူ့လူကောင်ကြီးတာထက်တောင် ပိုကြီးနေပါသေးတယ်။


ပေါင်(၁၀၀)ကို ကျော်ခဲပေမဲ့ ဒိုဘာမင်တွေဟာ ဒေါင်ကောင်းတာကြောင့် သူရှိတဲ့ အလေးချိန်ထက် ပိုကြီးမားတဲ့ပုံ ပေါက်ပါတယ်။ခွေးထီးကြီးတွေဆိုရင် ပခုံးအမြင့် နှစ်ပေ၊ လေးလက်မလောက်ထိ မြင့်ကြပါတယ်။ လည်ပင်းရှည်ရှည်၊ နားရွက်ဖားဖားနဲ့ ဒေါင်‌ကောင်းကောင်းရှိတဲ့အပြင်ကိုမှ သူတို့ခြိမ်းခြောက်ရမယ့် သူတွေနဲ့ ရင်ဆိုင်မိပြီဆိုရင် ဟိတ်ဟန်တင်းတင်းနဲ့ နေတတ်ကြပါတယ်။


ဒီလို အသွင်အပြင်ကြီးရဲ့ အောက်မှာတော့ သခင်ကိုသိပ်သစ္စာရှိပြီး ချစ်ဖို့ကောင်းတဲ့ ဒိုဘာမင်အများစုရဲ့ ဗီဇကို သင်ရှာတွေ့မှာပါ။ Rottweilerတွေလိုပဲ စမတ်ကျ၊ ခံစားလွယ်ပြီး သခင်အပေါ် သိပ်သစ္စာရှိတဲ့ မျိုးနွယ်တွေပါပဲ။


ခုမှခွေးမွေးမဲ့ သူတွေကတော့ ဒိုဘာမင်ကို မမွေးသင့်ပါဘူး။ ဒါပေမဲ့ တခြားအမျိုးအစားတွေထက်စာရင်တော့ ဒိုဘာမင်ကိုမွေးရတာ ခုမှစမွေးသူတွေအတွက် ပိုကောင်းပါလိမ့်မယ်။ ငယ်ငယ်ကတည်းက သေချာနာခံတတ်အောင် လူတွေနဲ့ထိတွေ့မိအောင် ကြပ်ကြပ်မတ်မတ်လေ့ကျင့်ပေးဖို့တော့ လိုအပ်ပါတယ်။


5. German Shepherd


စစ်ဘက်နဲ့ ရဲလုပ်ငန်းတွေအတွက် အရင်တုန်းက သုံးခဲ့တဲ့ ရာဇဝင်ရှိပေမဲ့ ခုတော့ တခြားမျိုးစိတ်တစ်ခုနဲ့ သူတို့ကို အစားထိုးလိုက်ပါပြီ။ ဒီလိုအကြမ်းပတမ်းတွေမှာ သုံးနိုင်ဖို့ဆို သူတို့ရဲ့ ဉာဏ်ရည်၊ အကြောက်အလန့်ကင်းတဲ့ သဘာဝ၊ အားကောင်းတဲ့ တည်ရှိမှုတွေကြောင့်သာ သုံးခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။


German shepherdတွေဟာ အများဆုံး ပေါင်(၁၀၀)ထိရှိနိုင်ကြပေမဲ့ အများစုကတော့ ပေါင်(၈၀)၊ (၉၀)လောက်ပဲ ရှိတတ်ကြပါတယ်။ ထူထည်း ရှည်လျားတဲ့ အမွှေးတွေကြောင့်သာ ရှိရင်းစွဲထက် ပိုကြီးတယ်လို့ ထင်ရတာပါ။ နားရွက်ဖားဖားကြီးတွေကြောင့်လဲ သူတို့ကို အကောင်ကြီးတယ်လို့ ထင်ရစေပါတယ်။


သူတို့ရဲ့ ကာကွယ်တတ်တဲ့ ဗီဇက ကြည့်တာနဲ့ သိသာပါတယ်…လူပြတ်တဲ့ တောင်ကြား လမ်းကြားတစ်ခုမှာ ဒီကောင်ကြီးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့မယ်ဆိုရင် တွန့်သွား ရွံ့သွားမှာ သေချာပါတယ်။


သင်လွယ်တတ်လွယ်တဲ့ မျိုးစိတ်တွေ ဖြစ်နေပေမဲ့ allergyသမားတွေနဲ့တော့ ကိုက်မှာမဟုတ်ပါဘူး။ အမွှေးအမြင်ထူတဲ့ ဒီကောင်ကြီးတွေဟာ အမွှေးလဲ တအားကျွတ်တာကြောင့် အလာဂျီသမားတွေနဲ့တော့ တိုင်ပတ်ပါလိမ့်မယ်။



6. Dogo Argentino


Dogo Argentinoတွေဟာ လန့်စရာ အသွင်အပြင် ရှိတတ်ကြပါတယ်။ ဒီလိုကြမ်းတမ်းတဲ့ အသွင်အပြင်က သူတို့ရဲ့ ချစ်စဖွယ် နေထိုင်တတ်ပုံကို ဖုံးကွယ်ထားတတ်ကြပါတယ်။


Humbleဖြစ်ပြီး ခင်ဖို့ကောင်းတဲ့ Dogo Argentinoတွေဟာ မာဆယ်ခပ်တောင့်တောင့်နဲ့ ခေါင်းကြီးကြီး ပါးစပ်ကြီးကြီး ခွေးကြီးတွေပါ။ သူတို့မှာ ခွန်အားနဲ့ အင်အားကြီးရုံတင်မက ရန်လိုတတ်တဲ့ သဘာဝမရှိတာကလဲ အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။


Argentine Mastiffလို့လဲခေါ်ကြတဲ့ Dogo Argentinoတွေဟာ နှစ်ပေခွဲလောက်ထိမြင့်တတ်ကြပြီး ပေါင်ချိန်(၁၀၀)လောက်ထိ ရှိပါတယ်(အမတွေကတော့ နဲနဲသေးပါတယ်)။ အပြေးမြန်တဲ့ ဒီကောင်ကြီးတွေဟာ အမဲလိုက်တဲ့ ဗီဇရှိကြပါတယ်။ ခုထိ တချို့က သူတို့ကို ဝက်ခြံကလွတ်သွားတဲ့ ဝက်တွေကို လိုက်ဖမ်းတဲ့နေရာမှာ အသုံးချနေကြတုန်းပါပဲ။


Dogo Argentinoတွေ ကျန်းမာနေဖို့ လှုပ်လှုပ်ရှားရှားနေဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်မကျဖို့နဲ့ အဖျက်စိတ်တွေ ဝင်မလာဖို့ မိသားစုဝင်တွေဆီက အာရုံစိုက်မှုကို အမြဲရနေဖို့လဲ လိုအပ်ပါတယ်။



7. Great Dane


Great Daneတွေဟာ ပေါင်(၂၀၀)လောက်ထိ ကိုယ်အလေးချိန်ရှိနိုင်ပြီး အခြေကနေပခုံးထိ (၃)ပေလောက် မြင့်တဲ့အထိ ဒေါင်ကောင်းတတ်ကြပါတယ်။ သူတို့ရဲ့ အသွင်အပြင်တွေနဲ့တင် လူတော်တော်များများက လန့်တတ်ကြပါတယ်။ အားကောင်းတဲ့ ‌ဟောင်သံတွေပါ ဖြည့်စွက်ကူညီပေးထားတာပေါ့။ ဒီ listထဲမှာ ပါတဲ့ တခြားအကောင်တွေလိုပဲ Great Daneတွေက ကြောက်စရာကောင်းပုံပေါက်နေပေမဲ့ သူတို့ဟာ စံနမူနာထားသင့်ပြီး နူးညံ့သိမ်မွေ့တဲ့ ခွေးထွားကြီးတွေပါပဲ။


တကယ်တော့ Great Daneတွေကsweetဖြစ်တယ်၊ ခင်တတ်တယ် ပြီးတော့ မိသားစုတွေနဲ့လဲ ချစ်ချစ်ခင်ခင်ရှိတတ်ကြပါတယ်။


ဒါပေမဲ့ သူတို့ရဲ့ နွေးထွေး‌ပြီး ကြောင်းကျိုးဆင်ခြင်တတ်တဲ့ အသွင်အပြင်တွေရှိပေမဲ့ ဂရိတ်ဒိန်းတွေကို ငယ်ငယ်ကတည်းက သင့်တော်တဲ့လေ့ကျင့်ခန်းနဲ့ လူယဥ်ပါးအောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ သူတို့ကို ဒီလိုလေ့ကျင့်ဖို့ ပျက်ကွက်မယ်ဆိုရင် သိပ်ကြီးလွန်းတဲ့ အကောင်စားကြီးတွေ ဖြစ်နေတာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ပထမဆုံးခွေးမယ့်သူမျိုး၊ လေ့ကျင့်ပေးချင်စိတ်မရှိတဲ့ သူမျိုးနဲ့တော့ သူတို့က အဆင်မပြေနိုင်ပါဘူး။



7 Less-Common Dog Breeds that Are Intimidating


ဒီခွေးအမျိုးအစားတွေကိုတော့ ခွေးမွေးတဲ့နေရာတွေမှာ တခါတရံတွေ့ကောင်းတွေ့နိုင်ပေမဲ့ အပေါ်ကခွေးတွေလိုတော့ အတွေ့ရများထဲ ပါနေမှာ မဟုတ်ပါဘူး။ သူတို့လဲ မိသားစုနဲ့ ချစ်ချစ်ခင်ခင်နေတတ်ပြီး သစ္စာရှိကြပေမဲ့ ခုမှခွေးမွေးမယ့်သူတွေအတွက် အဆင်မပြေဖြစ်နိုင်ပါတယ်…ဘာလို့လဲဆိုတော့ သူတို့ကိုထိရောက်တဲ့ လေ့ကျင့်ခန်းပေးရမှာ မလို့ပါပဲ။

1. Cane Corso

2. Dogue de Bordeaux

3. Boerboel Mastiff

4. English Mastiff

5. Perro de Presa Canario

6. Caucasian Shepherd Dog

7. Great Pyrenees



1. Cane Corso


Cane corsoတွေဟာ အောက်ခြေကနေ ပခုံးထိနှစ်ပေခွဲလောက် မြင့်တတ်ကြပေမဲ့ ဂရိတ်ဒိန်းနဲ့ တခြားကောင်တွေလောက်တော့ ဝိတ်မရှိတတ်ကြပါဘူး။ ပေါင်(၉၀)ကနေ (၁၂၀)လောက်ထိပဲ ရှိတတ်ကြပါတယ်။


ဒါပေမဲ့ ဒီကောင်ကြီးတွေကလဲ ကြောက်ဖို့အကောင်းဆုံး ကောင်ကြီးတွေပါပဲ…သူတို့ရဲ့ အကြည့်တစ်ခုနဲ့တင် ဝောာ်ရုံဒုစရိုက်ကောင်ရဲ့ ကျောရိုးထဲထိစိမ့်သွားလောက်အောင် လှန့်နိုင်စွမ်းရှိကြတဲ့ ကောင်ကြီးတွေပါ။


သူတို့ကို အထာလေးထားပေးဖို့ လိုအပ်ပါတယ်…သေချာ မပြင်ဆင် မဆုံးဖြတ်ဘဲ မွေးတာမျိုး မလုပ်သင့်ပါဘူး။ ခြံကျယ်ကျယ်နဲ့ ထားပေးဖို့လိုအပ်ပြီး ခွေးထိန်းပေးတဲ့နေရာမှာ သွားထားလို့ရတဲ့ ကောင်တွေ မဟုတ်ပါဘူး။ ပြီးတော့ Cane Corsoတွေဟာ ‌တောင့်တင်းတဲ့ ကြွက်သားတွေရှိတာကြောင့် သူ့ကို လုံလောက်တဲ့လေ့ကျင့်ခန်းလုပ်ခိုင်းပေးဖို့ လိုအပ်ပါသေးတယ်…ဒီလိုအမျိုးအစားတွေဆိုတာ အမဲလိုက်ဆန်ဆန် ဂိမ်းမျိုးကို ဆော့ဖို့ ဗီဇပါလာတဲ့ အမျိုးအစားတွေပါ။ ချွေးလေးမှ စို့စို့ပို့ပို့မထွက်ရရင် မနေတတ်တဲ့ ကောင်စားမျိုးလေးတွေပေါ့။



2. Dogue de Bordeaux


Dogue de Bordeaux ဆိုတာ ခွေးချောခွေး‌ကောင်းတွေပါ။ ဒါပေမဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်၊ ကြွက်သားအဖုဖုနဲ့ ဖွဲ့စည်းပုံတွေနဲ့ ကြီးမားတဲ့ ဦးခေါင်းကြောင့် ထိတ်လန့်ဖွယ်ကောင်းတဲ့ ခွေးလို့ သတ်မှတ်ခံထားရပါတယ်။


ခွေးမတွေက ပေါင်ကိုးဆယ်လောက် ရှိနိုင်ပြီး အထီးတွေက ပေါင်(၁၀၀)ကျော်လောက် လေးနိုင်ပြီး ပခုံးထိအမြင့်ဆို နှစ်ပေခွဲလောက်ထိ ရှိတတ်ကြပါတယ်။


DDBတွေဟာ ဘေးခုခုကြုံလာရင် နောက်မတွန့်သွားတတ်တဲ့ ယုံကြည်မှုပြည့်ဝလွန်းတဲ့ ခွေးအမျိုးအစားတွေပါ။ အိမ်သားကလေးတွေတောင် ချစ်ဖို့ကောင်းအောင် နေထိုင်တတ်ပေမဲ့ သူစိမ်းတွေအတွက်တော့ ကြိုဆိုမယ့်ကောင်းစားမျိုး မဟုတ်ပါဘူး။ သူတို့မှာ ထိန်းသိမ်းပေးဖို့ လွယ်တဲ့ အမွှေးတို‌လေးတွေပဲ ရှိပေမဲ့ သားရေတွေကျနေတတ်ပြီး အရေပြားက လျော့တိလျော့ရဲ ဖြစ်တာကြောင့် မွေးချင်တဲ့သူတွေ လက်တွန့်သွားတတ်ကြပါတယ်။



3. Boerboel Mastiff


Boerboelတွေကို တောင် Africa သားတွေက (၁၇)ရာစုလောက်မှာ အမဲလိုက်ဖို့၊ မွေးမြူရေးခြံစောင့်ဖို့နဲ့ ကျူးကျော်လာတတ်တဲ့ ကျားသစ်နဲ့ သစ်ကြုတ်လိုကောင်တွေကို ဟန့်တားနိုင်အောင် မွေးမြူထားခဲ့ကြတာပါ။ ယနေ့ခေတ်မှာတော့ သင့်ကိုရန်ပြုလာမယ့်သူကို တားဆီးနိုင်တဲ့ အဖော်မွန်ကောင်းအဖြစ် ရှိလာခဲ့ပါပြီ။


လှုပ်လှုပ်ရှားရှားနေလိုတဲ့ ဉာဉ်မျိုးဟာ သူတို့ရဲ့ အလုံးအထည်အောက်မှာ ကိန်းအောင်းနေပါတယ်။ သူတို့ဟာ ကမ္ဘာအနှံ့ကို ယုံကြည်မှုရှိရှိပဲ စိန်ခေါ်မှုတွေကြား ခြေဆန့်နိုင်ပါတယ်။


စိန်ခေါ်မှုတွေကြောင့် သူတို့ နောက်မတွန့်သွားပါဘူး။ တခြားမျိုးနွယ်တွေနဲ့ မတူတဲ့ ရဲရင့်မှုကို သူတို့ ပြသတတ်ကြပါတယ်။ ခုမှ စမွေးမယ့်သူတွေအတွက်ဆို လေ့ကျင့်ထိန်းကျောင်းဖို့ အခက်အခဲရှိနိုင်ပါတယ်… ဒါပေမဲ့ အတွေ့အကြုံရှိတဲ့ သခင်နဲ့တော့ အဆင်ပြေပါလိမ့်မယ်။



4. English Mastiff


English mastiffတွေကလဲ (၃)ပေလောက်မြင့်ပြီး ပေါင်(၁၅၀)ကနေ (၁၇၀)လောက်အလေးချိန်ရှိပါတယ်။ ကြီးမားပြီး လန့်စရာကောင်းတဲ့ ပုံစံရှိပေမဲ့ သူတို့ဟာ ညင်သာတဲ့ ကောင်လေးတွေပါပဲ။


ဒီလိုပြောလိုက်လို့ သူတို့က မကာကွယ်ပေးတတ်ဘူးလို့ ပြောတာမဟုတ်ပါဘူး…ဒါပေမဲ့ သူတို့က Cane Corsoနဲ့ အခြားခွေးမျိုးစိတ်တွေလို သံသယနဲ့နေတတ်တဲ့ ကောင်စားကြီးတွေတော့ မဟုတ်ပါဘူး။


English mastiffတွေရဲ့ အေးဆေးပြီး ယုံကြည်မှုရှိတဲ့ ပုံစံကြောင့် ခုမှမွေးတဲ့သူတွေနဲ့ သင့်တော်ပါတယ်။ သတိတော့ထားဖို့လိုတာပေါ့လေ… ပေါင်(၁၇၀)လောက် ရှိတဲ့ကောင်ကြီးတွေ ဖြစ်နေတာကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရနိုင်ပါတယ်။ ဒီကောင်ကြီးတွေ လူတွေနဲ့ ကျွမ်းဝင်လာဖို့ သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့ လူယဥ်ပါးအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။



5. Perro de Presa Canario


Perro de Presa Canario ( Canary Mastiff) တွေဟာ အကောင်ကြီးမားတယ်၊ ဉာဏ်ရည်ကောင်းပြီး ကာကွယ်ပေးတတ်ကြပါတယ်။ အညိုရောင်အမွှေးအမြင်တွေနဲ့ တော်တော်လေးလဲ လှကြပါတယ်။


ပေါင်ချိန်(၁၂၀)လောက်ရှိတတ်တဲ့ Presa Canario တွေဟာ mastiff-family breedဖြစ်ပြီး ကနေရီကျွန်းမှာ စတင်မျိုးပွားလာကြတဲ့ ကောင်တွေ ဖြစ်ပါတယ်။ မိသားစုတွေနဲ့ဆို ခင်တွယ်တတ်ကြပေမဲ့ Peresa Canarioတွေဟာ English mastiffနဲ့ Rottweilerတွေလောက်တော့ မျက်နှာမချိုတတ်ကြပါဘူး။


Presa Canarioတွေဟာ နယ်နိမိတ်ကို စောင့်ကြပ်တတ်တဲ့ ကောင်တွေ ဖြစ်တာကြောင့် လူစိမ်းနဲ့ မရင်းနှီးတဲ့ တိရစ္ဆာန်တွေကို ကောင်းကောင်း မဆက်ဆံပါဘူး။ တိုက်ခန်းမှာ မနေတတ်သလို သင့်တော်တဲ့ လေ့ကျင့်ခန်းလုပ်ခိုင်းထားမှသာ ကျန်းမာ ပျော်ရွှင်နေမယ့် အစားထဲ ပါပါတယ်။ ဒီlistထဲ ပါတဲ့ ခွေးတွေထဲမှာ ခုမှ စမွေးမယ့်သူနဲ့ မသင့်တော်တဲ့ အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။



6. Caucasian Shepherd Dog


Caucasian Shepherdတွေဟာ ရှည်လျား ထူထည်းတဲ့ အမွှေးကြောင့် ရှိရင်းစွဲထက် ပိုကြီးတဲ့ အရွယ်အစားကို ပိုင်ဆိုင်ထားပြီး သိုးအုပ်ကို ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့ ခွေးမျိုးပါပဲ။ ဝံပုလွေကို မောင်းထုတ်နိုင်တဲ့ မွေးဗီဇရှိတာကြောင့် သူတို့နယ်ထဲ ဝင်လာတဲ့ လူစိမ်းတွေ၊ ခွေးတွေ၊ ကြောင်တွေကို သူတို့လက်မခံတတ်ပါဘူး။


သူတို့သခင်ရဲ့ ပိုင်နိုင်မှုကို စမ်းသပ်နေမယ့် အကောင်စားမျိုးတွေ ဖြစ်တာကြောင့် Challengingသိပ်ဖြစ်တဲ့ Caucasian shepherdတွေလို့ ဆိုရပါမယ်။ ဒါကြောင့် သူတို့ကို ငယ်ငယ်လေးကတည်းက စိတ်ချပြီး ဘေးကင်းရအောင် ချစ်ခင်စွာနဲ့ ဦးဆောင်မှုပေးပြီး ကြပ်ကြပ်မတ်မတ်သင်ကြားပေးဖို့ လိုအပ်ပါတယ်။



7. Great Pyrenees


ရွေးချယ်ဖို့ နဲနဲပြန်စဥ်းစားရတဲ့ အမျိုးအစားကတော့ Great Pyreneesပါပဲ. အကောင်ကတော့ ပေါင်(၁၅၀)လောက်ထိထွားနိုင်ပြီး သိပ်ကိုကာကွယ်တတ်တဲ့ သဘာဝနဲ့ ကောင်စားလေးတွေပေါ့။


Teddy bearတွေနဲ့ အရမ်းတူလွန်းတဲ့ကောင်ကြီးတွေပါ…အမွှေးအမြင်တွေထူ‌နေရတာကိုက သိုးလေးတွေကို ထိန်းတဲ့အခါ သိုးတွေမလန့်ဘဲ သက်တောင့်သက်သာဖြစ်အောင် သဘာဝကပေးထားတာပါ။ ရှည်လျားထူထည်းတဲ့ အမွှေးတွေနဲ့ လုံးဝန်းတဲ့မျက်နှာ၊ ချစ်ဖို့ကောင်းတဲ့ နားရွက်လေးတွေက သူတို့ကို အထာကျစေတာပါ။


ဒါပေမဲ့ Great Pyreneesတစ်ကောင်ကလဲ ခွေးတွေနဲ့ သက်တောင့်သက်သာမနေတတ်တဲ့ လူတွေအတွက်တော့ လန့်စရာကြီးပါပဲ။ Great Pyreneesတွေဟာ သိုးနဲ့ အခြားမွေးမြူရေးတိရစ္ဆာန်တွေကို စောင့်ရှောက်တတ်ကြပါတယ်။ ဒါကြောင့်လဲ သူတို့က အမွှေးထူထူနဲ့ သဘာဝအရမွေးဖွားလာကြတာပါ။ သိုးအုပ်ကိုစောင့်ကြည့်တဲ့ တာဝန်တင်မက ဝံပုလွေတွေနဲ့ တခြားကျူးကျော်သူတွေကို ကာကွယ်ပေးဖို့ တာဝန်ယူထားကြပါတယ်။ လိုအပ်လာရင် ကိုယ်ရောစိတ်ပါ နှစ်ပြီး စောင့်ရှောက်တတ်ကြတဲ့ ကောင်ကြီးတွေပေါ့…


ဒီကောင်ကြီးတွေက မိသားစုအတွက် သိပ်ကို နူးညံ့အဆင်ပြေတဲ့ ကောင်ကြီးတွေ ဖြစ်နေပေမဲ့ ဘယ်လိုသခင်နဲ့မဆို သင့်တော်တာတော့ မဟုတ်ပါဘူး။ ဥပမာ…သူတို့ဟာ ကွင်းပြင်ကျယ်မှာ ကျက်စားချင်တဲ့ ကောင်ကြီးတွေ ဖြစ်တာကြောင့် တိုက်ခန်းမှာမွေးလို့အဆင်မပြေပါဘူး။ ပြီးတော့ သူတို့ဟာ လေ့ကျင့်ဖို့ခက်ခဲသလို ခေါင်းကြောလဲ မာတတ်ကြပါတယ်။


***

ခု ပြောပြသွားတဲ့အထဲမှာ ကျန်နေ၊ လွတ်နေတာတွေရှိရင် ပြောပြပေးကြပါဦး။ အထူးသဖြင့် uncommon listထဲမှာပါနေပြီး မိသားစုနဲ့ အိမ်ကိုကာကွယ်ပေးနိုင်တဲ့ breedတွေများရှိရင် မိတ်ဆွေတို့ မွေးထားခဲ့ရင် မန့်မှာ ဖြစ်ဖြစ် အားလုံးသိရအောင် ပြောပြပေးသွားကြပါဦးနော်။


Thank you for reading!


Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page