top of page

Call of Duty အတွက် တာဝန်ကျေဖို့ အသင့်ရှိနေတဲ့ ခွေးအမျိုးအစား(၇)မျိုး

  • Writer: Diva The Bully
    Diva The Bully
  • Apr 12, 2022
  • 2 min read

ree

ခွေးတွေရဲ့ သစ္စာရှိမှုနဲ့ အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ဆောင်တတ်မှုတွေကြောင့် သူတို့ကို လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ထည့်သွင်းသုံးစွဲလာခဲ့ကြတာ နှစ်တစ်ရာကျော်လာခဲ့ပါပြီ။ ဒါပေမဲ့ ခွေးတိုင်းကို ဒီလို အသုံးချလို့မရပါဘူး။ ရဲဝံ့မှုနဲ့ စည်းကမ်းလိုက်နာမှုပေါင်းစပ်ထားတဲ့ အမျိုးအစားတွေဖြစ်ဖို့ သိပ်လိုအပ်ပါတယ်။ ဒီလိုလေ့ကျင့်ခိုင်းစေပေးလို့ရတဲ့ ခွေးအမျိုးအစား(၇)မျိုးကတော့ ဒီမှာပါ…


ree

1. The German Shepherd


German Shepherdတွေဟာ စစ်ဘက်ဆိုင်ရာ ရဲဘက်ဆိုင်ရာ သုံးလို့ရတဲ့ ခွေးလို့သတ်မှတ်ထားပြီး အတွေ့ရများတဲ့ အမျိုးအစားတွေပါပဲ။ American Kennel Clubအဖွဲ့ကတော့ German Shepherd တွေဟာ သန်မာတယ်၊ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူလှုပ်ရှားနိုင်တယ်၊ ကြွက်သားတွေနဲ့ ကောင်းစွာ ဖွဲ့စည်းထားရုံမက အမြဲနိုးကြားပြီး မြောက်မြားလှတဲ့ လေ့ကျင့်ခန်းတွေအတွက် ကြံ့ကြံ့ခံနိုင်ကြတယ်လို့ ဆိုပါတယ်။ သူတို့ကိုမြင်တွေ့ရမဲ့ ရုပ်ရည်နဲ့ အကြောက်အလန့်ကင်းမှုကြောင့် ထင်ရှားတဲ့ ကောင်မျိုးကြီးတွေပါ။ German Shepherdတွေဟာ ဉာဏ်ရည်မြင့်ပြီး ရာဇဝတ်ကောင်တွေကို နောက်ယောင်ခံလိုက်ရတဲ့ လုပ်ငန်းတွေမှာ ကောင်းကောင်း စွမ်းဆောင်နိုင်တာကြောင့် သူတို့ကို ရာဇဝတ်မှုနှိမ်နင်းရေးယူနစ်တွေမှာ ထည့်သွင်းခိုင်းစေတတ်ကြပါတယ်။



ree

2. Belgian Malinois


ဘင်လာဒင်ကြီးကို ဖမ်းမိတုန်းကအချိန်ကို မှတ်မိသေးတယ်ဟုတ်?? အဲ့တုန်းက(၂၀၁၁) Cairoဆိုတဲ့ Belgian Malinois အမျိုးအစားခွေးလေးက စစ်ဆင်ရေးဆောင်ရွက်တဲ့ Navy Seal Team Sixရဲ့ အဓိကအဖွဲ့ဝင်အဖြစ် ပါဝင်ကူညီပေးခဲ့တာပါ။ ယုံကြည်မှုပြည့်ဝ၊ ကြိုးစား၊ စမတ်ကျပြီး သစ္စာရှိတဲ့ Belgian Malinoisလေးတွေဟာ German Shepherdရဲ့ ညီတဝမ်းကွဲလေးတွေလို့ တင်စားရလောက်အောင် အထာကျပြီး သူတို့မှာ Belgian Sheepdogနဲ့ Belgian Tervurenတွေရဲ့ သွင်ပြင်လက္ခဏာတွေလဲ ပါဝင်နေပြန်ပါတယ်။ Malinois Clubအဖွဲ့က‌တော့ ဒီအမျိုးအစားနဲ့ပတ်သက်ပြီး အစက မွေးမြူရေးမှာ သိုးကျောင်း၊ ဆိတ်ကျောင်းဖော်ရအောင် မွေးထားခံခဲ့ရတဲ့ ကောင်လေးတွေဟာ ပထမကမ္ဘာစစ်အတွင်းမှာ ဆက်သား၊ အရေးပေါ်အသက်ကယ်ခွေးအဖြစ် ပြောင်းလဲလေ့ကျင့်ပေးခြင်း ခံခဲ့ရတယ်လို့ မှတ်တမ်းတင်ထားကြပါတယ်။ ခုထိလဲ သူတို့ဟာ တိရစ္ဆာန်ကျောင်းတဲ့ လုပ်ငန်းတွေအပြင် ရဲဘက်ဆိုင်ရာလုပ်ငန်း၊ ဝန်တင်လှည်းဆွဲတာတွေနဲ့ ကယ်ဆယ်ကုသရေးတွေမှာ ပါဝင်လုပ်‌ဆောင်ပေးနေကြပါတယ်။



ree

3. The Labrador Retriever


စွယ်စုံရခွေးတစ်ကောင် ရှိတယ်ဆိုရင် အဲဒါက Labrador Retriever (lab)တွေပဲ ဖြစ်ပါလိမ့်မယ်။ Labတွေဟာ ခင်ဖို့ကောင်းပြီး နာခံတတ်တဲ့ ပုံစံရှိတာကြောင့် သူတို့ကို အသုံးပြုချင်ကြတာများပါတယ်။ သူတို့ဟာ နာခံမှုမြင့်မားပြီး အနံ့ခံစွမ်းရည်ကောင်းအောင် လေ့ကျင့်ပေးထားခံရကြပါတယ်။ လူတွေနဲ့ တရင်းတနှီးနေတတ်ပြီး တိရစ္ဆာန်အကူအညီနဲ့ ကုသမှုကုထုံးကို ယူရတဲ့ လူနာတွေအတွက်ပါ အသုံးတည့်တဲ့ Labတွေဟာ လုံခြုံရေးမှာ တင်းကြပ်စောင့်နေမဲ့ စံနမူနာခွေးပုံစံတော့ ထွက်မနေပါဘူး။ မျက်မမြင်တွေကို ကူညီလမ်းပြပေးဖို့၊ အမဲလိုက်ဖို့နဲ့ ကယ်ဆယ်ရှာဖွေရေးအတွက်တော့ သူတို့က အတော်လေးအသုံးဝင်ပါတယ်။ ရဲဌာနတွေအတွက်တော့ labတွေဟာ ပေါက်ကွဲလွယ်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးတွေရှာဖို့ လေ့ကျင့်ထားခံရပါတယ်။ အနံ့ခံကြည့်လို့ တခုခုရှာတွေ့ပြီဆိုရင် အဲ့နေရာကို လက်သည်းနဲ့ ကုတ်ခြစ်ပြတာမျိုး၊ ဟောင်ပြီး ညွှန်ပြတာမျိုးလုပ်ပြီး အသိပေးလေ့ရှိပါတယ်။



ree

4. The Dutch Shepard


Dutch Shepherdတွေဟာ German Shepherdတွေနဲ့ အရောင်အသွေး၊ အရွယ်အစားချင်း နီးနီးစပ်စပ်ကိုတူပါတယ်။ စစ်ဘက် ရဲဘက်အတွက် သုံးဖို့ ထိပ်တန်းကရွေးချယ်မခံရပေမဲ့ ကယ်ဆယ်ရှာဖွေ‌ရေးတွေမှာ ထင်ရှားတဲ့ ခွေးအမျိုးအစားတစ်မျိုးပါပဲ။ Dutch Shepherdတွေဟာ athletic typeထဲပါတာကြောင့် လှုပ်လှုပ်ရှားရှားနေတတ်ပြီး ဉာဏ်ရည်လဲ အရမ်းမြင့်ပါတယ်။ ခွေးချစ်သူအဖွဲ့တွေ ပြောပုံအရဆိုရင် သူတို့ဟာ နာခံမှုနဲ့ ခွေးအားကစားပြိုင်ပွဲတွေ၊ မွေးမြူရေးတိရစ္ဆာန်ကျောင်းတာတွေ၊ ရှာဖွေ ခြေရာခံတာနဲ့ လုံခြုံရေးအတွက် ကင်းလှည့်ဖို့၊ ရဲဘက်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် အဖော်ရပြီး အလုပ်ကို ဖိဖိစီစီးလုပ်နိုင်တဲ့ ကောင်လေးတွေလို့ သတ်မှတ်ထားကြပါတယ်။



ree

5. The Bloodhound


Bloodhoundတွေဟာ စူးစမ်းတတ်တဲ့ ဉာဉ်ရှိပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့အပြင် သခင်ကိုပဲ အားကိုးနေတဲ့ အမျိုးအစားလဲ မဟုတ်ပြန်ပါဘူး။ လူနဲ့ မူးယစ်ဆေးဝါးတွေကို အနံ့ခံနိုင်တဲ့ နေရာမှာတော့ ပြောစမှတ်တွင်လောက်အောင်ကို ကျော်ကြားတဲ့ ကောင်လေးတွေပါ။ အင်္ဂလန်မှာ ၁၈၀၅ခုနှစ်လောက်ကတည်းက အလစ်သမားတွေနဲ့ သူခိုးတွေကိုရှာဖွေဖို့ Bloodhoundတွေကို သုံးခဲ့ကြပါတယ်။ သူ့ကို အနံ့တစ်ခု ရှူခိုင်းလိုက်တာနဲ့ တခြားအနံ့တွေနဲ့ ဒီအနံ့ကို ခွဲခြားဖို့ ပုံရိပ်တစ်ခုကို သူ့ဦးဏှောက်မှာ တခါတည်း မှတ်သားထားလိုက်တော့တာပါပဲ။



ree

6. The Rottweiler


Rottweilerတွေက အကောင်းဆုံး အစောင့်အကြပ်ခွေးအဖြစ် ထင်ရှားကြပါတယ်။ လူစိမ်းတွေနဲ့ဆို ခံစားချက် မရှိသလို ရှုတည်တည်ကြီး လုပ်နေတတ်ပေမဲ့ မိသားစုဝင်တွေနဲ့ ဆိုရင်တော့ ချစ်ဖို့ကောင်းပြီး ဆော့ကစားနေတတ်တဲ့ အမျိုးအစားတွေပါပဲ။ သူတို့ကို ယုံကြည်ချက်ပြည့်ဝပြီး နှစ်လိုဖွယ်ကောင်း၊ သစ္စာရှိတဲ့ စောင့်ရှောက်သူခွေးလေးတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ နှစ်ဆယ်ရာစုအစပိုင်းမှာတော့ သူတို့ကို ရဲဘက်လုပ်ငန်းတွေမှာ သုံးဖို့ မျက်စိကျခဲ့ကြပါတယ်။ ဒီသိမ်သိမ်မွေ့မွေ့ကောင်ကြီးတွေက နာခံတတ်ပြီး ဉာဏ်ရည်ကလဲမြင့်တော့ မျက်စိကျမယ်ဆိုလဲ ကျချင်စရာကြီးပေါ့ဗျာ။ ပထမနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ သူတို့ကို ဆက်သားအဖြစ်လဲ သုံးခဲ့ကြသေးတာပေါ့ဗျာ။



ree

7. The Beagle


သူတို့ကိုshepherdမျိုးနွယ် friendတွေနဲ့တော့ ယှဥ်ပြီး လျှော့မတွက်ကြစေချင်ဘူးဗျာ… အကောင်သေးသေး Beagleလေးတွေကို ကာကွယ်‌ရေးနဲ့ အနံ့ခံဖို့အတွက် လေ့ကျင့်ပေးမထားပေမဲ့ ခွန်အားနဲပါးပြီး အဟန့်မကောင်းတဲ့ သူတို့ကို သဘာဝတရားကြီးက အနံ့ခံသိပ်ကောင်းတဲ့ အော်ရဂျင်နယ်နှာခေါင်းတွေ လက်ဆောင် ထည့်ပေးထားပါတယ်။ ဒီကောင်လေးတွေဟာ စူးစမ်းလိုစိတ်များတယ်၊ သင်ယူဖို့ကို စိတ်အားထက်သန်ပြီး ခင်ဖို့လဲ ကောင်းကြပါတယ်။ ယုန်လိုက်ဖို့ပါလာတဲ့ မွေးရာပါဗီဇကြောင့် သူတို့ဟာ အနံ့ခံအာရုံမှာ သိပ်ကိုကောင်းကြပါတယ်။ တားမြစ်ထားတဲ့ စားသောက်ကုန်တွေ နိုင်ငံတွင်း တင်သွင်းလာတာကို ဟန့်တားနိုင်ဖို့ ဒီကောင်လေးတွေက သိပ်ပြီးအားကိုးရပါတယ်…သူတို့မှာပါလာတဲ့ စူပါနှာခေါင်းရဲ့ အနံ့ခံအာရုံနဲ့ ကူညီပေးကြပါလိမ့်မယ်။


Thanks for reading!



Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page