top of page

ခွေးတွေကို ဘယ်လိုဖန်တီး အခြေတည်ခဲ့ကြသလဲ ?

  • Writer: Diva The Bully
    Diva The Bully
  • Apr 10, 2022
  • 3 min read


ကိုယ့်အိမ်က Petလေးတွေရဲ့ သမိုင်းကြောင်းကို ခြေရာခံကြည့်ကြပါစို့

သမိုင်းမတင်မီခေတ် ဟိုးရှေးရှေးကတည်းက ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်နဲ့ မွေးခဲ့ကြတာကြောင့် လူတွေနဲ့ ခွေးတွေ၊ ဝံပုလွေတွေ၊ သားရိုင်းတွေကြားထဲက ဆက်နွယ်မှုတွေက ပုံစံအမျိုးမျိုး၊ ယုံကြည်ချက်အမျိုးမျိုးနဲ့ ရှိနေခဲ့ပါတယ်။


British writer Rudyard Kipling ရဲ့ ၁၉၁၂ခုနှစ်လောက်က ဇာတ်လမ်းတွေထဲမှာ ထည့်ရေးခဲ့တဲ့ ခွေးတွေကို အိမ်မှာ မွေးဖြစ်လာပုံအယူအဆကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ 

ဒီလိုပါ... ဇာတ်လမ်းရဲ့အစမှာ တောခွေး၊ ဝံပုလွေနဲ့ အခြားသားရဲတွေ လူနေအိမ်ခြေနားကိုကပ်လာပြီး အိမ်ရှင်မ ချက်ထားတဲ့ အစားအစာတွေကို ဆာလောင်မွတ်သိပ်စွာ လာရှာတာကနေ စပါတယ်။

အိမ်ရှင်မကလဲ ဆိတ်သားကင်တစ်တုံးကို “တောထဲက အရိုင်းကောင်ရေ…မြည်းကြည့်စမ်းဟေ့” ဆိုပြီး ပစ်ကျွေးလိုက်ပါတယ်။ တောခွေးလဲ အသားတုံးကိုကိုက်ဝါးကြည့်တဲ့အခါ သူစားဖူးသမျှ အသားတွေထက် ပိုကောင်းနေတာ သိသွားပါလေရောလား။ “အလိုလေး…ငါ့ရန်သူတော်ကြီးနဲ့ ဇနီးရယ်…နောက်တဖဲ့လောက် ကျွေးပါဦး”လို့ တောင်းပြန်ပါသတဲ့…

ဒီအခါ အိမ်ရှင်မကလဲ “တောတွင်းသားအရိုင်းကောင်ရေ…ငါ့ယောက်ျား နေ့ဘက် အမဲလိုက်တဲ့အခါ ကူပေးပြီး ညဘက်ကျ သူအိပ်တဲ့ ဂူဝက စောင့်ပေးရမယ်နော်။ ငါ နင့်ကို နင်လိုသလောက် အသားတုံး‌တွေ ကျွေးလိုက်မယ်ဟဲ့” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီဇာတ်လမ်းသွားလေးက (ခွေးက လူစကားပြောတတ်တဲ့အချက်ကလွဲရင်) ဝံပုလွေတွေ ဘယ်လိုလုပ်အိမ်မွေးခွေးအဖြစ် ပြောင်းလဲဆင်းသက်လာခဲ့တယ်ဆိုတာရဲ့ အတော်လေးအခြေခံကျ အဖြစ်များနိုင်တဲ့ ရှုထောင့်ပါပဲ။


နောက်ထပ် လူအများလက်ခံထားကြတဲ့ အယူအဆတစ်ခုကတော့ ရှေးလူအချို့ဟာ တောထဲက ဝံပုလွေပေါက်လေးတွေကို အိမ်ခေါ်သွားပြီး ခု ကျွန်တော်တို့ pet တွေကို မွေးထားသလို အစာရေစာတိုက်၊ ဂရုစိုက်ပေးပြီး မွေးထားခဲ့ကြတယ်ဆိုတဲ့ အယူအဆပါပဲ။ အဲဒီနောက်မှာတော့ သူတို့ကနေပေါက်ဖွားလာတဲ့ မျိုးဆက်တွေဟာ ကျွန်တော်တို့ရဲ့ အိမ်မွေးခွေးတွေအဖြစ် ပေါ်ပေါက်လာခဲ့ကြတယ်လို့ ယူဆထားကြပါတယ်။   

ဒီအယူအဆက မှန်သလိုလိုနဲ့ မှားပါတယ်။ မှားတဲ့ အကြောင်းရင်းကတော့ ဝံပုလွေတွေဟာ သံသယသိပ်ကြီးတတ်ကြပြီး ရန်လိုတတ်ကြတာကြောင့်ပါပဲ။ ဝံပုလွေတွေကို အကောင်ပေါက်လေးကတည်းက အိမ်မွေးခွေးတွေလိုမွေးမြူနိုင်အောင် အကြိမ်ပေါင်းများစွာ သိပ္ပံနည်းကျစမ်းသပ်လေ့လာခဲ့ကြပါတယ်။ Budapestမှာရှိတဲ့ Estovos Universityက သုတေသီတွေဟာ မကြာသေးမီကပဲ ဒီလို ‌လေ့လာမှုကို ပြုလုပ်ခဲ့ကြပါတယ်။ သုံးရက်သားပဲရှိသေးတဲ့ ဝံပုလွေလေးတွေကို အိမ်မှာယဥ်ပါးအောင်လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ရှေ့က လေ့လာမှုတွေထက် ထူးပြီး အောင်မြင်တာတော့ မရှိခဲ့ပါဘူးတဲ့။ ဝံပုလွေ‌လေးတွေ တစ်နှစ်ခွဲအရွယ်ရောက်တဲ့အခါ သုတေသနလုပ်ငန်းကြီးကို ရပ်ပစ်လိုက်ရပါတယ်တဲ့…ဘာကြောင့်လဲဆိုတော့ အဲဒီဝံပုလွေလေးတွေက လူနဲ့ တခြားအိမ်မွေးတိရစ္ဆာန်တွေကို အလွန်အမင်းရန်လိုနေပြီး အန္တရာယ်ရှိလာတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါဆို အရိုင်းတစ်ကောင်ကို အိမ်မွေးခွေးအသွင် ဘယ်လိုဖန်တီးယူကြမလဲ? wild canineတွေကို အိမ်မွေးအဖြစ်ပြောင်းလာနိုင်အောင် ကျွန်တော်တို့ အစကို ပြန်သွားကြရအောင်လားဗျာ။


Turning point

Turning Point ကတော့ ‌ရေခဲခေတ်ကာလကို ဖြတ်သန်းရခြင်းပါပဲ။ သမိုင်းမတင်မီခေတ်က ရှေးလူတွေဟာ တနေရာတည်းမှာ အတည်တကျမနေထိုင်ကြဘဲ အပင်စားသတ္တဝါကြီးတွေကို အမဲလိုက်ရင်း လှည့်လည်သွားလာခဲ့ကြပါတယ်။ သူတို့ရဲ့ လှံတံ၊ တင်းပုတ်နဲ့ ပုဆိန်လက်နက်တွေဟာ မြန်မြန်ပြေးနိုင်တဲ့ အကောင်သေးလေးတွေကို မိလောက်တဲ့ထိ အသုံးမတည့်သေးတာကြောင့် အကောင်ကြီးတွေကိုပဲ လိုက်နေခဲ့ရတာပါ။ ကံဆိုးစွာပဲ ရေခဲခေတ်ရဲ့ အေးလွန်းတဲ့ ရာသီဥတုက အပင်စားသတ္တဝါကြီးတွေစားတဲ့ အပင်တွေကို ပျက်စီးစေကုန်ပါရောလား…ဒီနောက်မှာတော့ သတ္တဝါတွေ အရေအတွက်လျော့ကျလာပြီး မျိုးစိတ်အများအပြား မျိုးတုံးပျောက်ကွယ်ကုန်ပါတော့တယ်။

ဖမ်းစားနေကျ အကောင်ကြီးတွေ ပျောက်ကုန်တာကြောင့် လူသားမျိုးနွယ်စုအချို့ဟာ ဗျူဟာအသစ်ကို စတင်စမ်းသပ်ခဲ့ပြန်ပါတယ်။ သူတို့ဟာ အခြေချနေထိုင်ဖို့ စခန်းတွေကို အခိုင်အမာဆောက်လုပ်ခဲ့ကြပါတယ်။ မျိုးနွယ်စုဝင်တစ်ယောက်စီတိုင်းမှာ တာဝန်တွေခွဲဝေယူခဲ့ကြရပါတယ်။ ဌာနေအပင်တွေဆီကနေ စားလို့ရတဲ့ အပိုင်းတွေကို စု‌ဆောင်းတဲ့အလုပ်လဲ ပါလာပြီး ဒီလုပ်ဆောင်မှုဟာ စိုက်ပျိုးရေးလုပ်ငန်းရဲ့ ကနဦးအစလဲ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအစုအဝေးလိုက် တနေရာတည်း နေထိုင်ကြတဲ့အခါ ရွာရဲ့အပြင်ဘက်တွေမှာ စွန့်ပစ်ထားတဲ့အမှိုက်တွေ စုမိလာပြီး အမှိုက်ပုံကြီးတွေ ဖြစ်လာပါတော့တယ်။ အမှိုက်ပုံကိုမှ သဘောကျတတ်တဲ့ ပိုးမွှား အင်းဆက်တွေ ပျော်စံရာ နေရာကြီးပါ ဖြစ်လာခဲ့တာပေါ့ဗျာ။ ကြွက်တွေ ပိုးမွှားတွေနဲ့အတူရောက်လာတာကတော့ သားရဲအနွယ်တွေဖြစ်တဲ့ ဝံပုလွေနဲ့ ခွေးအတွေပေါ့ဗျာ…ဒီကောင်ကြီးတွေက ခွေးတွေရဲ့ ရှေ့ပြေးမျိုးနွယ်အဖြစ် ရောက်လာခဲ့ကြတာပေါ့။




ဒီလို သားရဲတွေရောက်လာတာကတော့ အမှိုက်ပုံမှာ လူတွေစွန့်ပစ်လိုက်တဲ့ စားကြွင်းစားကျန်တွေကြောင့်ပါပဲ။ သူတို့ ဒီလိုစားသောက်ရင်းပဲ လူနေအိမ်တွေနားမှာ ကပ်နေလိုက်ရင် အမဲလိုက်စားရသလို အန္တရာယ်လဲ မများ၊ အားလဲ မစိုက်ရဘဲ လူတွေပစ်လိုက်သမျှ အလွယ်တကူကောက်စားလိုက်ရုံပဲလို့ မှတ်သားလာကြပါတယ်။ ရှေးလူတွေက အမှိုက်သန့်ရှင်းရေးကို သိပ်လဲ မတွေးမိသေးတာကြောင့် သူတို့စွန့်ပစ်လိုက်တဲ့ ပုပ်သိုးအစားအစာတွေက အနံ့ဆိုးတွေထွက်နေပြီး ခြင်၊ ယင် အင်းဆက်တွေက တဝီဝီဖြစ်လာနေခဲ့ပါတယ်။ ခွေးတွေရောက်လာတဲ့အခါ အစာအကြွင်းအကျန်တွေလဲ ရှင်းပြီးသားဖြစ်၊ တဝီဝီအင်းဆက်တွေလဲ မလာတော့တဲ့အတွက် လူတွေက သူတို့ကို လာခွင့်ပြုခဲ့ဟန်တူပါတယ်။


ခွေးတွေရဲ့ ဘိုးဘေးတွေ အမှိုက်ပုံကနေ အစာမွှေနှောက်ရှာဖွေခဲ့တဲ့ လူသားတွေရဲ့ အခြေချရာနေရာကို ပြန်သွားကြည့်ကြရအောင်လားဗျာ…အဲဒီအချိန်တုန်းက ခွေးတွေဟာ လူတို့ရဲ့ ရပ်ရွာကို သူတို့နေထိုင်ရာအဖြစ်သာ ရှာဖွေခဲ့ရုံမက လူတွေရဲ့ စားကြွင်းစားကျန်တွေကို သူတို့အတွက် အစာရင်းမြစ်အဖြစ်ပါ မှီခိုခဲ့ကြတာဖြစ်ပါတယ်။ စွန့်ပစ်အမှိုက်တွေ ရှင်းပေးလို့ ခွေးတွေကို အစပိုင်းက လက်ခံထားကြပေမဲ့ လူတွေအပေါ် ရန်ပြုမဲ့ အရိပ်အရောင်မြင်လာတာနဲ့ သတ်ခံရ မောင်းထုတ်ခံရတတ်ပါတယ်။ ဒီလို အကောင်ရေလျော့ကျအောင် သတ်ခံရခြင်းဟာ မျိုးဗီဇအပြောင်းအလဲအချို့ကို ဖြစ်စေပြီး ဝံပုလွေတွေဆီမှာရှိတဲ့ ရန်အလိုတတ်ဆုံး အကျင့်စရိုက်တွေကို ဖယ်ရှားပေးလိုက်နိုင်ပါတယ်။


ဝံပုလွေတွေဟာလဲ လူတွေလိုပဲ personalityပိုင်းမှာ တစ်ကောင်ချင်းစီလိုက်လို့ ကွဲပြားသွားတတ်ပါတယ်။ အကြွင်းအကျန်ကို လာစားကြတဲ့ အုပ်စုထဲမှာတင် တချို့ကောင်တွေက အခြားကောင်တွေထက် အကြောက်တရားကင်းပြီး သံသယနဲတတ်ကြပါတယ်။ ဒီတော့ လူနား နီးနီးကပ်ကပ်နေခွင့်ရပြီး အကျိုးဖြစ်ထွန်းကြပါတယ်။ အကြောက်အလန့်နဲတဲ့ကောင်တွေဟာ လူတွေချဥ်းကပ်လာတဲ့အခါ မပြေးတတ်ကြပေမဲ့ အစာကိုတော့ ဂရုတစိုက်ရှာဖွေတတ်ကြပါတယ်။ သိပ်မကြောက်တတ်တဲ့ကောင်တွေမှာ အကျိုးကျေးဇူး နှစ်ခု ရတတ်ပါတယ်…ပထမတစ်ခုကတော့ လူမြင်ရင်ပြေးတဲ့ကောင်တွေလောက် စွမ်းအင်ကို မသုံးရပါဘူး။ နောက်တစ်ချက်ကတော့ မပြေးတဲ့အတွက် သူတို့မှာ ပိုကောင်း၊ အာဟာရပိုရှိတဲ့အစာကို ရွေးပြီးစားနိုင်ဖို့ အချိန်ပိုရသွားပါတယ်။


သိသာထင်ရှားတဲ့အချက်ကတော့ ဒီလို လူယဥ်ပါးတဲ့ကောင်တွေဟာ ပိုကျန်းမာပြီး နောက်မျိုးဆက်တွေ ချန်ထားနိုင်ဖို့ အခွင့်အရေး ပိုရသွားတာပါပဲ။ သုတေသနတွေက ဆိုတာကတော့ အကြောက်အလန့်ကင်းခြင်းနဲ့ ရင်းနှီးဖော်ရွေခြင်းတွေဟာ မျိုးဗီဇအရ အမြင့်ဆုံးအဆင့်မှာ ရှိနေပါတယ်တဲ့။ ဒါကြောင့် လူတွေနဲ့ ပိုပြီး ကျွမ်းဝင်တဲ့ ဝံပုလွေအုပ်တွေမှာ လူတွေနဲ့ဆို သက်တောင့်သက်သာပိုဖြစ်ပြီး ယဥ်ပါးတဲ့ အကောင်‌ပေါက်လေးတွေ ပါဝင်လာတတ်ကြပါတယ်။ မျိုးရိုးအစဥ်အဆက် ဒီလို လူတွေနားမှာ အခြေချနေထိုင်တဲ့ ဝံပုလွေတွေဟာ ပိုမိုအကျိုးဖြစ်ထွန်းပြီး အရေအတွက်လဲ ပိုများလာကြပါတယ်။ အယဥ်ပါးဆုံးကောင်တွေကတော့ ပိုပြီး သက်တောင့်သက်သာဖြစ်ဖြစ်နဲ့ နေနိုင်ကြတာပါပဲ။


လူအနားမှာ အခြေချနေထိုင်တဲ့ ဝံပုလွေတွေထဲမှာမှ လူနဲ့ sociableအဖြစ်ဆုံးကောင်တွေကတော့ အခြားအကျိုးကျေးဇူးတွေပါ ရတတ်ကြပါတယ်။ လူနဲ့ယှဥ်တွဲနေထိုင်ရတာကို ကျေနပ်တာကြောင့် ရွာအနီးအနားမှာ သူတို့ စတည်းချအိပ်စက်တတ်ကြပြီး အကောင်ပေါက်လေးတွေကိုပါ အနားခေါ်ထားတတ်ကြပါတယ်။ ဒီလိုနေခွင့်ရကြခြင်းဟာ အလွယ်တကူထိခိုက်နိုင်တဲ့ ခွေးလေးတွေကို ပိုမိုလုံခြုံမှုပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အကောင်ကြီးတွေက လူတွေ သတိထားမိစရာဖြစ်ပြီး အန္တရာယ်ရှိနိုင်လို့ပါပဲ။ လူအနားမှာ နေခွင့်ရတဲ့ ဝံပုလွေတွေဟာ အခြားအကျိုးကျေးဇူးတွေလဲ ရနိုင်ပါသေးတယ်…လူနေအိမ်နားမှာ နီးနီးကပ်ကပ်နေခွင့်ရတဲ့အခါ ဆောင်းတွင်းဘက်မှာဆိုရင် အိမ်တွေက လျှံထွက်လာတတ်တဲ့ အပူဓာတ် အနွေးဓာတ်ကိုပါ ရရှိနိုင်မှာပါ။ လူတွေနဲ့ sociableအဖြစ်ဆုံးကောင်တွေဟာ ဒီလိုရရှိတဲ့ အကျိုးကျေးဇူး‌သေးသေးလေးတွေ ပေါင်းစပ်လိုက်တဲ့အခါ အသက်ရှင်ရပ်တည်နိုင်မဲ့ အခွင့်အလမ်းတွေ ပိုများလာပါတော့တယ်။


သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိအောင် ကြိုးစားနေတဲ့ အကောင်တွေဟာ တနည်းအားဖြင့် သူတို့ရဲ့ own populationကိုပါ လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေတာပါပဲ။ တောထဲမှာပဲကျန်နေရစ်တဲ့ ကြောက်တတ်တဲ့ကောင်တွေနဲ့ လူနားမှာလာရောက်နေထိုင်တဲ့အကောင်တွေကြားထဲက နယ်မြေခြားနားချက်ကတော့ အကြောက်အလန့်ကင်းတဲ့ကောင်တွေဟာ သူတို့လိုပဲ အကြောက်ကင်းတဲ့ကောင်တွေနဲ့ ဆုံပြီး သားပေါက်တတ်ကြပါတယ်။


မျိုးရိုးအစဥ်အဆက်အလိုက်ပဲ ဝံပုလွေရဲ့ မူလဖြစ်တဲ့ သားရဲပုံစံဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ လူနားမှာလာရောက် အခြေချနေထိုင်တဲ့ကောင်တွေဟာ မူလ သားရဲမျိုးနဲ့ အတော်လေးကို မျိုးဗီဇပိုင်းဆိုင်ရာ ခြားနားလာခဲ့ပါတယ်။ လူတွေရဲ့ ကြိုတင်ကာကွယ်ခြင်းမှာ လူအများဘေးကင်းမှုအတွက် မျိုးဗီဇတကျော့ပြန်လည်လာတတ်တဲ့ အလွန်အမင်းရန်လိုတတ်တဲ့ အချက်တွေကို ဖယ်ထုတ်ပစ်တာမျိုးပါပဲ။



ဝံပုလွေတွေဟာ ဒီ genetic pointကိုရောက်ပြီးတဲ့အခါ အိမ်နားမှာတွေ့ရတဲ့ ဝံပုလွေအကောင်ပေါက်တွေကို အိမ်ခေါ်ပြီး ယဥ်ပါးအောင် လုပ်လို့ရတယ်ဆိုတဲ့ အယူအဆဟာ အသက်ဝင်လာပါတယ်။ အစဥ်အဆက်လက်ဆင့်ကမ်းလာတဲ့ သီအိုရီက အလုပ်ဖြစ်လာပါပြီ…ဘာကြောင့်လဲဆိုတော့ ကျင့်ပေးရမဲ့ကောင်တွေက ဝံပုလွေရိုင်းတွေမဟုတ်တော့ဘဲ အိမ်နားမှာ ရစ်သီ ရစ်သီလာလုပ်တတ်တဲ့ ဝံပုလွေမျိုးစိတ်သစ်ရဲ့ တစိတ်တပိုင်းယဥ်ပါးပြီးသား အကောင်ပေါက်‌လေးတွေ ဖြစ်နေတာကြောင့်ပါပဲ။ အခြေချနေထိုင်တဲ့ ဝံပုလွေတွေဟာ လူနားမှာတင် နေထိုင်တတ်ကြတာကြောင့် သူတို့ သားပေါက်ပြီဆိုရင် လူတွေက အလွယ်တကူရှာတွေ့နိုင်ပါတယ်။ ပြီးတော့ သူတို့က အရိုင်းတွေလို သိပ်မကြောက်တတ်ဘဲ သတိကြီးကြီးထားမနေတတ်တာကြောင့် အစကနေစပြီး ယဥ်ပါးအောင်လေ့ကျင့်ပေးစရာမလိုပါဘူး။ ဒီတော့ အစပိုင်းလေ့ကျင့်ပေးတဲ့နေရာမှာ ခံရတဲ့ ဒုက္ခကိုလဲ လျှော့ချပြီးသား ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က လူတွေကို ကြောက်ပြီး ရှောင်နေမှာ မဟုတ်တာကြောင့် အကြောက်လွန်ပြီး တောင့်တောင့်ကြီးဖြစ်နေမှာ စိတ်မသက်မသာဖြစ်နေမှာ မဟုတ်ပါဘူး။ လူတွေနဲ့ပိုပြီး လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်မှာပါ။ ဒီအချက်တချက်တည်းနဲ့တင် socializationလုပ်ရတာ ပိုလွယ်သွားစေပါတယ်။




ဒီအချက်ပေါ်မှာ အခြေခံပြီး လူတွေက ကိုယ်လိုချင်တဲ့ အကျင့်စရိုက်တွေပါဝင်တဲ့ ခွေးတွေကို မျိုးဗီဇအရ ပုံဖော်တတ်ကြပါသေးတယ်။ တစိတ်တပိုင်းယဥ်ပြီးသားကောင်တွေရဲ့ အသုံးဝင်မှုကို သိလာတာနဲ့အမျှ လူတွေဟာ ကိုယ့်အနားမှာ ရှိနေတဲ့ ဝံပုလွေတွေထဲကပဲ ရှာဖွေပြီး ယဥ်ပါးအောင် ဆက်လုပ်ပေးပါတော့တယ်။

ဒါပေမဲ့ ဘာတွေ အသုံးဝင်လို့ ဒီခွေးတွေကို အလိမ္မာ အိမ်ပါဖြစ်အောင် ကျွန်တော်တို့က လုပ်ရမှာပါလဲ? သားရဲဘဝကနေ အိမ်မွေးခွေးဘဝကို ပြောင်းလာတဲ့ကောင်တွေကို လူနေထိုင်ရာဒေသတွေက ဆွဲဆောင်နိုင်တာကို သိပြီးတဲ့နောက်မှာတော့ ဘိုးဘေးတွေဟာ ခွေးတွေဟာ အကြွင်းအကျန် ရှင်းပေးတာထက် ပိုတန်ဖိုးရှိမှန်း သတိထားမိလာပါတော့တယ်။ ဘေးအန္တရာယ်ပေါများတဲ့ ခေတ်မှာနေထိုင်ရတဲ့ လူသားတွေဟာ အနီးပတ်ချာလည်မှာရှိတဲ့ သားရဲကြီးတွေရဲ့ အစာလောင်းလေးတွေအဖြစ် နေထိုင်နေရတာပါ။ ဒါ့အပြင် အခြားမျိုးနွယ်စုတွေရဲ့ ကျူးကျော်ရန်ကလဲ ရှိပါသေးတယ်။ ရွာနားမှာ ကပ်နေတဲ့ ခွေးတွေဟာ ရွာကို သူတို့ပိုင်နက်အဖြစ်နဲ့ သတ်မှတ်တတ်ကြပါတယ်။ လူစိမ်းပဲဖြစ်ဖြစ် သားရဲတစ်ကောင်ကောင်ပဲဖြစ်ဖြစ် ကပ်လာတာနဲ့ အသံကျယ်ကျယ်နဲ့ ဟောင်တတ်ကြပါတယ်။ ဒီလိုဟောင်သံကြားတာနဲ့ ရွာသားတွေက ခုခံကာကွယ်ဖို့လိုအပ်ရင် ပြင်ဆင်ချိန် ရသွားစေပါတယ်။ ခွေးတွေဟာ အမြဲတမ်း နိုးနိုးကြားကြား နေတတ်ကြတာကြောင့် ညဘက်မှာ လူတွေ ကင်းစောင့်နေစရာ မလိုအပ်လှပါဘူး။ ဒီ‌တော့ လူတွေအနားရပြီး ပိုပြီး သက်သက်သာသာဖြစ်စေတာပေါ့ဗျာ။ ခွေးတွေကို ရွာစွန်မှာထားပြီး ကင်းစောင့်ခိုင်းမဲ့ စိတ်ကူးကို လူတစ်ယောက်ချင်းစီရဲ့ အိမ်မှာ အစောင့်အဖြစ် ထားဖို့ကို ရွှေ့ပြီး စဥ်းစားလိုက်တဲ့သဘောပါပဲ။ ခွေးတစ်ကောင်ဟောင်လိုက်တာက ဧည့်သည်လာလို့ အချက်ပေးတာလဲ (a sort of canine doorbell) ဖြစ်နိုင်သလို ခိုးမဲ့သူတွေ ချဥ်းကပ်လာတာကို ဟန့်တဲ့အနေနဲ့ (a canine burglar alarm)ဟောင်တာလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအချက်ပေးတဲ့ ဖန်ရှင်ဟာ ခွေးတွေကို ပထမဆုံး ယဥ်ပါးအောင်လုပ်ပေးမဲ့ အကြံလဲ ဖြစ်လာခဲ့ပါတယ်။


ဒီနေရာကတော့ ပထမဆုံး human genetic engineeringစတင်တဲ့ အစလဲ ဖြစ်ပါတယ်။ ခွေးတွေကို ယဥ်ပါးအောင်လုပ်နိုင်ပြီး သူတို့ရဲ့ မျိုးပွားမှုကိုပါ ထိန်းနိုင်လာတဲ့အခါ မျိုးစိတ်တွေကိုပါ ကျွန်တော်တို့ တိုးတက်အောင် လုပ်နိုင်လာမှာပါ။ တကိုယ်ရည်နဲ့ အများလုံခြုံဖို့အတွက်ဆို ကျယ်ကျယ်လောင်‌လောင်နဲ့ မရပ်မနားဟောင်တတ်တဲ့ကောင်က ထိရောက်မှုအရှိဆုံးပါပဲ။ ဒါကြောင့် ရှေးလူတွေအနေနဲ့ ဒီလိုခွေးမျိုးတွေကို ဖန်တီးနိုင်ဖို့အတွက် သေချာရွေးချယ်ထားတဲ့ breeding programတစ်ခုကို စတင်ခဲ့ကြပါတယ်။ ကျယ်ကျယ်လောင်လောင်ဟောင်တတ်တဲ့ခွေးတစ်ကောင်ကို သေချာမွေးမြူပြီး သူ့လိုပဲ အကျယ်ကြီးဟောင်တတ်တဲ့ ခွေးတစ်ကောင်နဲ့ သားဖောက်ပေးလိုက်ပါတယ်။ သိပ်မဟောင်တဲ့ကောင်ကိုကျ အသုံးမဝင်တဲ့ကောင်ဆိုပြီး ချောင်ထိုးထားလိုက်တာပေါ့ဗျာ။ ဒီနောက်မှာတော့ barking genesဟာ ခွေးတွေမှာ ပိုမိုအားကောင်းလာခဲ့ပါတယ်။ ခုဆိုရင် တောထဲကအရိုင်းတွေနဲ့ အိမ်မွေးခွေးရဲ့ သိသာတဲ့ ခြားနားချက်ကတော့ အိမ်ကကောင်တွေက အရမ်းဟောင်ပြီး အဖြဲတလိုင်းဖြစ်နေပေမဲ့ အရိုင်းတွေကတော့ ဟောင်ခဲပါတယ်။


ခွေးတွေရဲ့ နောက်ပိုင်းဖွံ့ဖြိုးမှုကတော့ ပိုပြီးသတိရှိသလို ရည်ရွယ်ချက်တွေလဲ ပိုပီပြင်လာပါပြီ။ မျိုးဗီဇအရ သေချာပြုပြင်ယူထားတဲ့ ခွေးတွေဟာ သာမန်အိမ်မွေးခွေးနဲ့ နှိုင်းယှဥ်ရင် တီထွင်မှုတစ်ခုနဲ့ ပိုတူလာပါတယ်။ ဒီလိုတီထွင်မှုထဲမှာ အမဲလိုက်ခြင်း၊ ညွှန်ပြခြင်း၊ နောက်ကြောင်းပြန်တတ်ခြင်း၊ စွပ်ဖားလှည်းကိုဆွဲခြင်းနဲ့ စာနာဖေးမမှုပေးနိုင်တဲ့ အဖော်အဖြစ်တောင်မှ မျိုးဗီဇပြုပြင်ဖန်တီးလို့ ရနိုင်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ သိထားရမဲ့ အချက်ကတော့ အခုလို တီထွင်လိုက်နိုင်တဲ့ ခွေးရဲ့ မျိုးဗီဇဟာ ကျွန်တော်တို့ ဘိုးဘေးတွေ ဖန်တီးလိုက်တဲ့ အမှိုက်ပုံကနေတဆင့် တိုးထွက်လာပြီး အဆင့်ဆင့်ဖွံ့ဖြိုးလာတဲ့ ရန်လိုကင်း၊ လူယဥ်ပါးတဲ့ ခွေးကြီးတွေကနေ စတင်ပြောင်းလဲလာတယ်ဆိုတဲ့ အချက်ပါပဲ။


Thank you for reading!

Comentarios


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page