top of page

သင့်ခွေးရဲ့ လူတွေအပေါ် ခုန်တက်တတ်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ပစ်မလဲ

  • Writer: Diva The Bully
    Diva The Bully
  • Apr 10, 2022
  • 2 min read


လူတွေအပေါ် ခုန်တက်တာက သဘာဝအရပါလာတဲ့ canine behaviorတစ်ခုပါပဲ။ ခွေးတွေက သခင်/ ဧည့်သည်ကို နှုတ်ဆက်ချင်တဲ့အခါမျိုး၊ attentionရချင်တဲ့အခါမျိုးမှာ လူတွေပေါ် လိုက်လံ ခုန်တက်တတ်ကြပါတယ်။ ဒါပေမဲ့ လူတွေအမြင်မှာကျတော့ ဒီလို ခုန်တက်နှုတ်ဆက်တာက စိတ်ရှုပ်စရာ၊ အန္တရာယ်ရှိတဲ့အပြုအမူလို့ ထင်နေနိုင်ပါတယ်။ ဆော့ကစားထားလို့ သဲ ဖုန်တွေကပ်နေတဲ့ ခြေလက်တွေကြောင့် အဝတ်အစားတွေ ပေကျံသွားနိုင်သလို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဆိုရင် ခုန်တက်တဲ့အရှိန်ကြောင့် လဲကျပြီး လူတွေကိုပါ ထိခိုက်နိုင်ပါတယ်။ သင့်ခွေးကို လူတွေနဲ့သင့်လျော်စွာ နှုတ်ဆက်တတ်အောင် သင်ထားတာက အများအမြင်မှာ ယဥ်ကျေးတဲ့သဘောဆောင်သလို သူများတွေအတွက်လဲ ပိုပြီးဘေးကင်းပါတယ်။


1. ခွေးတွေ ဘာကြောင့် လူပေါ်ခုန်တက် နှုတ်ဆက်ကြတာလဲ?

ခွေးတွေမှာ သူတို့ တခုခုလုပ်လိုက်လို့ ဆုချခံရပြီဆိုရင် အဲဒီအကျင့်ကို ထပ်ကာထပ်ကာ လုပ်တတ်ကြပါတယ်။ ဖြစ်ချင်တော့ သင့်ဆီက attentionရတာမျိုးလောက် ဘယ်လိုဆုလာဘ်(reward)ကမှ မက်စရာရှိမနေပါဘူး။ ဒီလိုပဲ…အခြားမိသားစုဝင်တွေ၊ ဧည့်သည်တွေနဲ့ လူစိမ်းတွေကလဲ ဒီအကျင့်ကို ထပ်လောင်းအားဖြည့်ပေးရာ ရောက်သွားတတ်ပါတယ်။ သင်က သူ့ကို ဆူပူမာန်မဲ အော်ဟစ်နေတာပဲဖြစ်ဖြစ်၊ သူ့ရဲ့ ခြေလက်တွေကို ဆွဲလိုက်တာပဲဖြစ်ဖြစ် ဒီလိုလုပ်လိုက်တာတွေက သူ့ကို attentionပေးသလိုဖြစ်ပြီး ဒီအပြုအမူကို အားဖြည့်ပေးရာ ရောက်သွားပါလိမ့်မယ်။ ခွေးအများစုကို သူတို့ တက်ခုန်တဲ့ အချိန်မှာ သွားဆိုပြီးတွန်းလွှတ်လိုက်တာက တူတူနပန်းလုံးတမ်းကစားမယ်’လို့ အချက်ပေးတာလို့ မှတ်ယူသွားတတ်ကြပါတယ်။ သင့်ခွေးရဲ့ နှုတ်ဆက်ရင် လုပ်တတ်တဲ့ အပြုအမူတွေထဲက ခုန်ပေါက်နှုတ်ဆက်တတ်တဲ့အကျင့်ကို ဖယ်ထုတ်ဖို့ဆိုရင်တော့ ဒီအကျင့်ကြောင့် ပေးမိသွားတဲ့ attention(reward)ကို ဖယ်ထုတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖယ်ထုတ်ဖို့ဆိုတာက သူတို့ကို အခြားသင့်တော်တဲ့ နှုတ်ဆက်ပုံအလေ့အထတွေ သင်ပေးပြီး ခုန်ကျင့်မရှိအောင် ထိန်းကျောင်းပေးတာမျိုးကို ပြောချင်တာပါ။

2. အခြားသော နှုတ်ဆက်ပုံအလေ့အထကို ဘယ်လို ပျိုးထောင်ပေးမလဲ?

သင့်ခွေးခုန်နေတာကို လျစ်လျူရှုထားလိုက်မယ်ဆိုရင် သီအိုရီအရတော့ သူတို့ခုန်တဲ့အကျင့်က တဖြည်းဖြည်းပျောက်သွားတတ်ပါတယ်။ ဒီလိုအကျင့်ကြောင့် rewardမရဘူးဆိုရင် ဒီအကျင့်က ကြာရှည်မခံဘဲ ပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင့်အိမ်လာလည်တဲ့လူတွေ၊ လမ်းထဲကလူတွေကတော့ ဒီသဘောတရားတွေကို သိမှာတော့ မဟုတ်ပါဘူး။ ပြီးတော့ ပိုဆိုးနိုင်တာက ဒီလိုမျိုး ကိုယ်နဲ့ အခြားသူတွေ ရဲ့ တုံ့ပြန်ပုံမတူတာက သင့်ခွေးစိတ်ကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။ သူတို့ကို ဘယ်လိုနှုတ်ဆက်ရမယ်ဆိုတာကို ပဲ သင်ထားပေးသင့်ပါတယ်။ သင့်ခွေးက လူတွေအပေါ်နှုတ်ဆက်တဲ့အခါ သင်ဖြစ်စေချင်တဲ့ နှုတ်ဆက်ပုံအတိုင်း သူလုပ်ဖို့ဆိုတာက သင့်အပေါ်မှာ မူတည်ပါတယ်။ ခြေလေးချောင်းလုံး ကြမ်းပေါ်မှာကပ်နေတာမျိုး၊ ထိုင်စေချင်တာ ဝပ်နေစေချင်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားရမဲ့ အချက်ကတော့ သူ့ကို ‘ဘာမလုပ်ရဘူး’ ဆိုတာပြောရုံတင်မကဘဲ ‘ဘာလုပ်ရမယ်’ ဆိုတာကိုပါ ပြောထားပေးဖို့ လိုအပ်ပါတယ်။ ဥပမာပေးရရင် သူ့ကို မခုန်နဲ့လို့ ပြောတာထက် နှုတ်ဆက်ရင် ‘ထိုင်နေရမယ်’လို့ ပြောတာက ပိုပြီး လွယ်ကူတဲ့ စည်းမျဥ်းတခုပါပဲ။


3. မြေပြင်မှာ ခြေလေးချောင်းလုံး မြဲနေအောင် ဘယ်လို trainမလဲ? (My Personal Experience)

သင့်ခွေးကို လူတွေနဲ့နှုတ်ဆက်တဲ့အချိန် ခြေတွေ ကြမ်းပြင်ပေါ်မှာ ကပ်နေ‌အောင် လုပ်ဖို့အတွက်ဆို နှုတ်ဆက်တဲ့နေရာနားတဝိုက်မှာ စားစရာလေးတွေ ချထားပြီး သင်ရပါမယ်။ ဒီလိုသင်ပေးလိုက်တာက သင့်ခွေးကို ခုန်ဖို့အတွေးမဝင်ခင်ကတည်းက ဆုချပြီး ဆွဲဆောင်ထားနိုင်တာကြောင့် မခုန်မိအောင် တားဆီးပေးရာရောက်ပါတယ်။

မြေပြင်မှာ ခြေလေးချောင်းလုံး မြဲနေဖို့အတွက် အောက်ပါအဆင့်တွေအတိုင်း သင်ပေးလို့ ရပါတယ်။


  • သင့်ခွေးနား တယောက်ယောက်ကပ်လာရင် သင်ထိန်းနိုင်ဖို့အတွက် ထိန်းကြိုးနဲ့ ခွေးကျောင်းထွက်ပါ။ တယောက်ယောက်က သင့်ခွေးနားရောက်မလာခင် အောက်မှာ စားစရာတွေဖြန့်ချထားပေးလိုက်ပါ။ သင့်ခွေး က မြေပြင်/ ကြမ်းပြင်ပေါ်က အစာတွေကို စားနေချိန်မှာ အခြားလူ/ဧည့်သည်က သူ့ကို ပွတ်သပ်နှုတ်ဆက်ပါစေ။

  • သင့်ခွေး အစာစားပြီးချိန်မှာ လူက နောက်ကို ပြန်ဆုတ်သွားပါစေ။ ဒီလိုမျိုး ထပ်ကာထပ်ကာ လုပ်ပြီးနောက်မှာတော့ နှုတ်ဆက်ချိန်ကို တပ်တိုးလိုက်ပါဦး…စားစရာတွေကိုလဲ ဆက်တိုက်ချပေးနေရပါမယ်။

  • သင့်ခွေး မြေပြင်ပေါ်မှာ ခြေလေးချောင်းလုံး မြဲနေပြီဆိုရင်တော့ အစာချမကျွေးခင် လူကို အရင်နှုတ်ဆက်ခိုင်းရပါမယ်။

  • သင့်ခွေးက ဒီစည်းမျဥ်းကို နားလည်လာတဲ့အခါ လူနဲ့ အပြန်အလှန်နှုတ်ဆက်ခြင်းက rewardအဖြစ် သူမမှတ်မချင်း အစာကို နဲနဲချင်းစီလျှော့သွားရပါမယ်။


ဒီနည်းလမ်းရဲ့ အဓိကအချက်ကတော့ အစာနဲ့ မြန်မြန်ကျင့်ပေးတာမျိုးပါပဲ။ သင့်ခွေးရဲ့ ခုန်တဲ့အလေ့အထကို အနည်ထိုင်အောင် လုပ်ပေးပြီး ဒီအကျင့်ပေါ်မလာခင် အကျင့်ကောင်းနဲ့ အစားထိုးပေးဖို့ လိုအပ်ပါတယ်။ သင်ကျင့်ပေးတာနောက်ကျပြီး ခွေးက ခုန်တတ်နေပြီဆိုရင်တော့ ခွေးနဲ့ နှုတ်ဆက်နေတဲ့သူက သင်အစာကျွေးတာ မရပ်လိုက်ခင် ပြန်လှည့်ထွက်သွားပေးဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ သင့်ခွေးက ‘မြေပေါ်မှာ ခြေငြိမ်လက်ငြိမ်နေရင် attentionရော အစာရောရပြီး ခုန်နေရင်တော့ ဘာမှမရနိုင်ဘူးဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။

4. နှုတ်ဆက်တဲ့အခါ ထိုင်နေတတ်အောင် ဘယ်လိုကျင့်ပေးမလဲ?

နောက်ထပ် သင့်တော်တဲ့ နှုတ်ဆက်နည်းကတော့ ထိုင်နေမှ နှုတ်ဆက်တဲ့နည်းလမ်းပါပဲ။ အပေါ်က နည်းလမ်းလိုပါပဲ…သင့်ခွေးက သူ့တင်ပါးလေး မြေပေါ်မှာ ရှိနေမှ attentionရနိုင်မယ်ဆိုတာရယ် သူထလိုက်တာနဲ့ attentionရနေတာတွေ ရပ်သွားပြီဆိုတာရယ်ကို သိနေအောင် လုပ်ပေးထားသင့်ပါတယ်။

ထိုင်ရက်နဲ့ နှုတ်ဆက်တတ်ဖို့ ကျင့်ပေးရမဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပါပဲ…

  • သင့်ခွေးကို တံခါး ဒါမှမဟုတ် ပရိဘောဂတခုခုနဲ့ တွဲပြီး ကြိုးချည်ထားရပါမယ်။

  • ခပ်လှမ်းလှမ်းကနေ သင့်ခွေးကို ထိုင်ခိုင်းရပါမယ်။ သူထိုင်ပြီဆိုရင် သူ့ဆီကို ညင်ညင်သာသာကပ်လာရပါမယ်။ တကယ်လို့ မထိုင်ဘဲ ရပ်နေတယ်ဆိုရင်တော့ နောက်ကို ပြန်လှည့်လျှောက်သွားပြီး သူ့ကို ထိုင်ဖို့ ထပ်ပြီးအမိန့်ပေးရပါမယ်။ ထိုင်နေပြီဆိုရင်တော့ အနားကပ်သွားပြီး ခပ်တိုးတိုးချီးကျူးရင်း ပွတ်သပ်ပေးရပါမယ်။ သူထိုင်နေသရွေ့ သူ့ကို နှုတ်ဆက်ရင်း attentionပေးရပါမယ်။ သူထလိုက်တာနဲ့တပြိုင်နက် လှည့်ထွက်သွားရပါမယ်။

  • သင့်ခွေးက သူ သင့်ရဲ့ attentionကိုရဖို့ ထိုင်နေရမယ်ဆိုတာ သဘောပေါက်ပြီဆိုရင် သင့်ရဲ့ချဥ်းကပ်မှုကို ပိုပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် သွက်သွက်လက်လက် လုပ်သွားပေးလို့ ရပါတယ်။

  • သင့်ခွေးက ထိုင်ပြီးနှုတ်ဆက်တာမှာ ကျွမ်းကျင်သွားပြီဆိုရင်တော့ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ နှုတ်ဆက်ခိုင်းပြီး အစက ပြန်ကျင့်ပေးရပါမယ်။

မှတ်ထားရမဲ့ အချက်က‌တော့ သင့်ခွေး အထိုင်ကျင့်တာများလေလေ ဒီလေ့ကျင့်ခန်းက သူ့အတွက်ပိုလွယ်လာလေလေ ဆိုတာပါပဲ။ သင့်ခွေး ဘေးပရောဂကင်းကင်းနဲ့ ထိုင်နိုင်ဖို့ကို ငြင်းဆန်နေပြီဆိုရင်တော့ ဒီအတွက် ဖြတ်လမ်းနည်းလမ်းတော့ မရှိပါဘူး။ ထိုင်ခြင်းလေ့ကျင့်ခန်းက သင့်ခွေးရဲ့ ကျေနပ်နှစ်သိမ့်ကြောင်းပြတဲ့ နည်းလမ်းတစ်ခု ဖြစ်ကိုဖြစ်သင့်ပါတယ်။ အပြင်ကိုမကျောင်းခင် ထိုင်ခိုင်းမယ်၊ ညစာမကျွေးခင် ထိုင်ခိုင်းမယ်၊ ဒီလိုတွေ စေခိုင်းထားမယ်ဆိုရင် နှုတ်ဆက်ဖို့အတွက် ထိုင်ခိုင်းရတာက ပိုလွယ်ပါလိမ့်မယ်။


5. လေ့ကျင့်နေချိန်မှာ မခုန်အောင် ဘယ်လိုတားဆီးမလဲ?

သင့်ခွေးကို သင့်တော်တဲ့ နှုတ်ဆက်ပုံအလေ့အကျင့် သင်ပေးနေတုန်းမှာပဲ သူမခုန်မိအောင် ထိန်းကျောင်းထားနိုင်ဖို့လဲ လိုအပ်ပါတယ်။



ဥပမာပေးရရင် လူခေါ်ခေါင်းလောင်းမြည်လာတာနဲ့ 
သင့်ခွေးကို သူ့နေရာကိုသွားဖို့ အမိန့်ပေးပြီး သူ့ဖျာ/အိပ်ရာဆီကို ပို့ထားပေးရပါမယ်။ နောက်တနည်းကတော့ ဧည့်သည်တွေဆီကို ကပ်မရအောင် ဝင်ပေါက်နားမှာ ကာရံထားတာမျိုးပါပဲ။ ဧည့်သည်ရောက်လာတိုင်း ခွေးကိုကြိုးချည်ထားတာကလဲ သူ့ကိုမခုန်မိအောင် ကူထိန်းပေးနိုင်ပါတယ်။  

ထိန်းကျောင်းနည်းနောက်တခုကတော့ တံခါးနားမှာ အရုပ်နဲ့ စားစရာတွေ ချပေးထားတာပါပဲ။ တံခါးနဲ့ခပ်လှမ်းလှမ်းမှာ ဆုအဖြစ်နဲ့ မက်လုံးပေး ချထားပြီး ဧည့်သည်ဝင်လာတဲ့အခါ သင့်ခွေးအချိန်ကို ရယူထိန်းသိမ်းထားနိုင်ပါတယ်။ ဒါမှမဟုတ် ဧည့်သည်ကိုယ်တိုင်က ခွေးက ကောင်းကောင်းနှုတ်ဆက်ရင် စားစရာ/ အရုပ်တွေချပေးပြီး ဆုပေးတာမျိုး လုပ်ပေးလဲ ရပါတယ်။

သင့်ခွေးနဲ့ လမ်းလျှောက်ထွက်နေချိန်မှာ သူမခုန်မိအောင် တားနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ သင့်ခွေးအပေါ်ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို လူစိမ်းတွေက သိမယ်၊ လိုက်လုပ်ပေးမယ်လို့ မျှော်လင့်ထားလို့ မရနိုင်ပါဘူး။ သင့်ခွေးက သင့်တော်တဲ့ နှုတ်ဆက်နည်းကို နားမလည်မချင်း လူစိမ်းတွေနဲ့ နှုတ်ဆက်ခိုင်းတာမျိုးကို ရှောင်ပါ။ လူစိမ်းနဲ့ မထိတွေ့မိအောင် ကိုယ့်ဆီကိုအာရုံစိုက်ဖို့ အမိန့်ပေးတာမျိုး၊ အရုပ်ကို အသံထွက်အောင် ညှစ်လိုက်တာမျိုးလုပ်ပြီး လူစိမ်းကျော်သွားတဲ့ထိ အာရုံလွှဲထားပေးရပါမယ်။ သင့်ခွေးက လမ်းပေါ်မှာ လူတွေကို နှုတ်ဆက်ဖို့ ဟန်ပြင်နေပြီဆိုရင် လူတွေကို သင့်ခွေးအတွက် သင်လေ့ကျင့်ပေးနေတဲ့အကြောင်း သေချာပြောပြပေးပါ။ သင့်ခွေးက စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် သူ့ကို လျစ်လျူရှုထားပေးကြဖို့ သူတို့ကိုတောင်းဆိုရပါမယ်။ ဒီလိုကျင့်ပေးလို့ သိပ်မကြာခင်မှာပဲ သင့်ခွေးဟာ လူသွားလမ်းမှာပဲဖြစ်ဖြစ် အိမ်ရှေ့ဝမှာပဲဖြစ်ဖြစ် ဆုံလာတဲ့သူတွေကို ဘယ်လို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ရမလဲဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။


Comments


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page