Truffle ရှာပုံတော်ဖွင့်ရာမှာ အားထားရတဲ့ ထိပ်သီးခွေး ၁၀မျိုး
- Diva The Bully
- Apr 9, 2022
- 3 min read

Truffleဆိုတဲ့ မှိုတစ်မျိုးကို ရှာရာမှာ ဝက်တွေသုံးပြီး ရှာရတဲ့အကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီ တန်ဖိုးကြီးမှိုတွေကို ရှာရာမှာ ခွေးတွေကိုလဲ သုံးကြတယ်ဆိုတာကိုရော သိပါသလား။ ဒီရှားပါးမှိုမျိုးဖြစ်တဲ့ Truffleကိုရှာဖို့ အနံ့ခံလေ့ကျင့်ပေးနိုင်တဲ့ ခွေးအမျိုးအစားတွေ အများကြီး ရှိပါတယ်။
တကယ့်ကို စွမ်းဆောင်နိုင်တဲ့ နှာခေါင်းပိုင်ရှင်သာလျှင် ဒီလိုအမြတ်အစွန်းကြီးမားတဲ့ Truffle မှိုရှာလုပ်ငန်းမှာ တာဝန်ထမ်းဆောင်နိုင်မှာပါ။ အဖိုးတန်လှတဲ့ truffleတွေအကြောင်းကို စူးစမ်းရင်းနဲ့ truffle huntingလုပ်ကိုင်ကြပုံကို လေ့လာကြည့်ကြရအောင်လားဗျာ။ ပြီးတော့ အကောင်းဆုံး truffle hunterတဖြစ်လဲ ခွေးအမျိုးအစားတွေရဲ့အကြောင်းကိုပါ ဆက်ပြောကြတာပေါ့ဗျာ။

Truffleဆိုတာ ဘာပါလိမ့်
Truffleတွေဆိုတာက တန်ဖိုးကြီး ရှားပါးတဲ့မှိုအမျိုးအစားပဲဖြစ်ပါတယ်။ နာမည်ဆင်တူဖြစ်တဲ့ chocolate truffleနဲ့တော့ မတူပါဘူးနော်။ ဒီ မှိုမျိုးတွေဟာ မြေအောက်မှာ ရှင်သန်ကြီးထွားကြပြီး သစ်ပင်ကြီးတွေရဲ့ အမြစ်တွေနားမှာ တွေ့ရတတ်ပါတယ်။ သူတို့ရဲ့ ပျမ်းမျှအလေးချိန်ကတော့ (၃၀) ဂရမ်ကနေ (၆၀) ဂရမ်အတွင်း ရှိပါတယ်။ အသေးဆုံး ပင်ပေါင်ဘောလုံးဆိုဒ် (၂၀ ဂရမ်) လေးတွေလဲ တခါတရံရှိတတ်ပြီး အကြီးဆုံး ဆိုဒ်ကြီးတွေဖြစ်တဲ့ ဂရိတ်ဖရုသီးအရွယ်အစားလောက်ရှိတဲ့ (၁၀၀) ဂရမ်အထက် မှိုပွင့်ကြီးတွေအဖြစ်လဲ ရှားတောင့်ရှားပါး တွေ့ရတတ်ပါတယ်။
ကမ္ဘာ့စံချိန်တင်လောက်အောင် အရွယ်အစားကြီးမားတဲ့ Truffleမှိုကြီးကတော့ အီတလီနိုင်ငံမှာ ၂၀၁၄ခုနှစ်တုန်းက တွေ့ရှိခဲ့တဲ့ (၁၇၈၉)ဂရမ်အလေးချိန်စီးတဲ့ မှိုကြီးပဲ ဖြစ်ပါတယ်။ ဒီမှိုကြီးကို ၆၁၂၅၀ဒေါ်လာနဲ့ ရောင်းထွက်သွားခဲ့ပါတယ်တဲ့ဗျာ…ဒါက ဈေးအကြီးဆုံးလားဆိုတော့ မဟုတ်သေးပါဘူးဗျာ…အီတလီနိုင်ငံမှာပဲ ပြုလုပ်ခဲ့တဲ့လေလံပွဲတစ်ခုမှာ အဖြူရောင်truffleကြီးတစ်ပွင့်ကို ဈေးအကြီးဆုံးစံချိန်ဖြစ်တဲ့ ဒေါ်လာ ၃၃၀,၀၀၀နဲ့ ရောင်းထွက်ခဲ့တဲ့ မှတ်တမ်းလဲ ရှိပါသေးသဗျာ။
Truffleတွေက ဘာကြောင့် အဆမတန်ဈေးကြီးနေရသလဲ
ဘာလို့ဈေးကြီးရလဲဆိုတော့ သူတို့ကို ခဲရာခက်ဆစ်ရှာဖွေရမှု၊ ရှင်သန်ကြီးထွားဖို့ ခက်ခဲမှုနဲ့ လျင်မြန်စွာ ပျက်စီးနိုင်မှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ပြင်သစ်မှာပေါက်ရောက်တဲ့ The Black Winter truffle (Périgord)ဆိုရင် ဈေးအကြီးဆုံး Truffleတွေထဲမှာ အပါအဝင်ဖြစ်ပြီး တစ်အောင်စကို ဒေါ်လာ(၈၀၀)လောက်ထိ ပေါက်ဈေးရှိနေပါတယ်။ အီတလီနိုင်ငံထွက် white truffleတွေကလဲ ဈေးကြီးပါတယ်…ဒီမှိုတွေရဲ့ ပေါက်ဈေးဟာ ပေါက်ရောက်ရာနယ်ပယ်နဲ့ အမျိုးအစားပေါ်မှာ မူတည်နေပါတယ်။
Truffleတွေ ပေါက်ရောက်နိုင်တဲ့ အခြေအနေတွေကတော့ တော်တော်လေးကို သီးခြားဆန်ပါတယ်။ Truffleတွေဟာ ကမ္ဘာအနှံ့အပြားမှာ ပေါက်ရောက်ပေမဲ့ မြေထဲပင်လယ်ရာသီဥတုကတော့ သူတို့ကြီးထွားဖို့အတွက် အကောင်းဆုံးလို့ သတ်မှတ်ထားကြပါတယ်။ နမူနာအနေနဲ့ ပြောရရင် အားပျော့တဲ့ မိုးရာသီကာလမှာ ဆီးနှင်းအနည်းငယ်ကျနေတဲ့ အချိန်မျိုး၊ နွေရာသီမှာ ရွာတောင့်ရွာခဲ မိုးရွာနေတဲ့ ရာသီဥတုမျိုး၊ ဆောင်းဦးနဲ့ နွေဦးအချိန်အခါတို့မှာ ပေါက်ရောက်လေ့ ရှိတတ်ပါတယ်။ ပေါက်ရောက်မဲ့ မြေဆီလွှာက စိုထိုင်းဆ ကျန်နေရမှာဖြစ်သလို ပုံမှန်မဟုတ်တဲ့ ရာသီဥတု၊ အပူချိန် အပြောင်းအလဲ အတက်အကျတွေလဲ ရှိမနေရပါဘူး။
Truffleတွေဟာ တမူထူးခြားတဲ့ ရနံ့ကြောင့် ကျော်ကြားကြပေမဲ့ သူတို့ကို ရှာဖွေနေတုန်း အတူးအတော် တူးဖော်လိုက်တဲ့အခါ အနံ့တွေက လျင်လျင်မြန်မြန်ပဲ ယုတ်လျော့သွားတတ်ပါတယ် စသည့် အချက်များကြောင့် သူတို့ကို ရှာဖွေရတာ ခက်ခဲလာပါတယ်…truffleတွေဟာ ကြီးထွားဖို့ အချိန်ကြာရှည်ယူတတ်ကြသလို ပေါက်ရောက်ရာ ကာလကလဲ တိုတောင်းပြန်ပါတယ်။ Truffleတွေကို စိုက်ပျိုးဖို့ခက်ခဲတာကြောင့် သဘာဝအတိုင်းပဲ ရှာဖွေရလေ့ ရှိပါတယ်။ ဒါကြောင့် လူသားတွေဟာ အကူအညီမပါဘဲနဲ့ Truffleကို မရှာနိုင်ကြပါဘူး။ ဒီနေရာမှာ ခွေးတွေရဲ့ အခန်းကဏ္ဉ စတင်ပါပြီ။
Truffle Huntingလုပ်ဖို့ သုံးကြတဲ့ ထိပ်သီးခွေး (၁၀) မျိုး

1.Lagotto Romagnolo
The Lagotto Romagnoloဟာ အီတလီကဖြစ်ပြီး ရေစိုခံ အမွှေးပွပွကြီးတွေဖုံးအုပ်ထားတဲ့ အလယ်အလတ်အရွယ်အစားရှိခွေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ သူတို့က မကြီးပေမဲ့ သန်မာတယ်၊ လျင်မြန်ဖျတ်လတ်တယ်ပြီး မောပန်းမှုကင်းတဲ့ ခွေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ခင်တွယ်တတ်ကြပြီး ဉာဏ်ကောင်းတယ်၊ သစ္စာလဲရှိကြတဲ့ခွေးလေးတွေ ဖြစ်ပါတယ်။
The Lagottoမျိုးတွေဟာ အစပိုင်းတုန်းက ရေဗျိုင်းဖမ်းသူတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပေမဲ့ အနံ့ခံအာရုံမှာ ဂျွတ်လွန်းတဲ့ သူတို့ရဲ့ အာရုံခံနိုင်စွမ်းကြောင့် Truffleတွေကို သူတို့ အနံ့ခံ ရှာဖွေနိုင်တယ်ဆိုတာကို သိလာကြပါတယ်။ Truffleကို ရှာဖို့ သပ်သပ်မဟုတ်ပေမဲ့ သူတို့ကို ရှာဖွေရေးမှာ အကောင်းဆုံးထဲက တစ်ယောက်အပါအဝင်လို့ သတ်မှတ်ထားကြပါတယ်။
2.Springer Spaniel
Springer Spaniels တွေဟာလဲ အလယ်အလတ်အရွယ်စားခွေးမျိုးဖြစ်ပြီး ပြောင်ယောင်လှပတဲ့ အမွှေးရှည်တွေကို ပိုင်ဆိုင်ပါတယ်။ ဒီကောင်တွေက အင်ပြည့်အားပြည့်နဲ့ လှုပ်ရှားတတ်တဲ့ကောင်တွေဖြစ်ပြီး တော်တော်လေးဖော်ရွေတဲ့အပြင် အဆော့လဲမက်ကြပါတယ်။ သခင်ရဲ့စကားကိုတော့ နားထောင်တတ်ကြတဲ့ကောင်တွေပါ။
သူတို့ကို အမဲလိုက်ရာမှာ သုံးကြပြီး သူတို့က ချုံထဲမှာ ပုန်းအောင်းနေတဲ့ ငှက်တွေထွက်လာအောင် အရင်ဆုံး ခြောက်လှန့်လိုက်ပါတယ်။ ပြီးတော့မှ ထွက်လာတဲ့ငှက်တွေကို ဖမ်းဆီးလိုက်တတ်ပါတယ်။ အနံ့ခံနိုင်စွမ်းနဲ့ တည်နေရာကို ကောင်းစွာရှာဖွေနိုင်စွမ်းကြောင့်ပဲ သူတို့ဟာ truffle dogတွေ ဖြစ်လာခဲ့ကြပါတယ်။
3.Beagle
Beagle တွေကတော့ အဖြူရောင်အမွှေးပေါ်မှာ အနက်ရောင်နဲ့ ရောင်စုံအကွက်အပျောက်လေးတွေ ရောနှောနေတတ်တဲ့ကောင်လေးတွေဖြစ်ပြီး အလယ်အလတ်အရွယ်အစားရှိတဲ့ခွေးမျိုးတွေပဲ ဖြစ်ပါတယ်။ မျက်နှာမှာ ခံစားချက်ကိုပေါ်လွင်အောင်ပြတတ်တဲ့ မျက်နှာချိုပါတယ်၊ အထာကျရုံတင်မက ချစ်ဖို့လဲကောင်းပါတယ်။ အမဲလိုက်ခွေးအနွယ်ဝင်ဖြစ်တာကြောင့် သူတို့မှာ အထူးကောင်းမွန်တဲ့ အနံ့ခံအာရုံရှိပါတယ်။ ရာစုနှစ်များစွာကတည်းက ယုန်တွေကိုအမဲလိုက်ရာမှာ Beagleတွေက ပါဝင်အသုံးတော်ခံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူတို့ဟာ Truffleရှာပုံတော်ဖွင့်ဖို့ သုံးကြတဲ့ခွေးတွေထဲမှာ ပါဝင်လာနိုင်တာပါ။ သတိပြုရမဲ့အချက်တစ်ခုကတော့ ဒီကောင်လေးတွေက အာရုံပြောင်းလွယ်တယ်ဆိုတဲ့ အချက်ပါပဲ။
ဟုတ်တယ်ဗျ…ဒီကောင်တွေ truffleကို ရှာပုံတော်ဖွင့် အနံ့ခံနေတဲ့အချိန် ယုန်တစ်ကောင်လောက်များ သူတို့ရှေ့ကဖြတ်ပြေးသွားလို့ကတော့များဗျာ…ဒီကောင်တွေက truffleကို တာ့တာလုပ်ပြီး ယုန်နောက် အတင်းပြေးလိုက်ကြတော့တာပဲဗျ။
4.Belgian Malinois
Belgian Malinois (Mal)ကတော့ German Shepherdနဲ့ ဆင်တူတဲ့ ခွေးကြီးအမျိုးအစားဝင်ခွေးတွေပဲ ဖြစ်ပါတယ်။ ဒီကောင်ကြီးတွေက ဉာဏ်ကောင်းတာနှင့်အမျှ ကြိုးကြိုးစားစားလဲရှိကြတယ်။ သခင့်ကို စိတ်ချမ်းသာအောင် နေထိုင်တတ်ကြတဲ့ သစ္စာရှိခွေးကြီးတွေပေါ့ဗျာ။
Malတွေဟာ သိုးထိန်းခွေးအဖြစ်တင်မက စစ်ခွေး၊ ရဲခွေး၊ အစောင့်အရှောက်ခွေးအဖြစ်လဲ အသုံးတော်ခံတတ်ကြပါတယ်။ သူတို့ရဲ့ ပြင်းပြတဲ့လုပ်အားနှုန်း၊ သက်လုံနဲ့ ဉာဏ်ရည်ဉာဏ်သွေးတို့ကြောင့် truffle dogတွေအဖြစ် ပြောင်ပြောင်မြောက်မြောက် အသုံးတော်ခံနိုင်ကြတာပေါ့ဗျာ။
5.Border Collie
Border Collies ကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ကောင်စားတွေပါပဲဗျာ။ အလယ်အလတ်အရွယ် ခွေးမျိုးတွေဖြစ်တဲ့ ဒီကောင်တွေဟာ စမတ်ကျသလို လုပ်အားနှုန်းကလဲ အထူးကောင်းမွန်ပါသေးတယ်။ အပြင်ပန်းကို ရှိုးလိုက်ရင်တော့ အဖြူနဲ့ အနက်ရောထားတဲ့ အမွှေးတွေလွှမ်းထားတဲ့ ဒီကောင်လေးတွေဟာ စွမ်းအားပြည့်ဝပြီး ဖော်ရွေတဲ့ပုံ ပေါ်လွင်နေပါတယ်။
သူတို့ဟာ သိုးထိန်းနိုင်ရာမှာ ကျော်ကြားပြီး ဉာဏ်ရည်အမြင့်ဆုံးခွေးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ သူတို့ကို လေ့ကျင့်သင်ကြားပေးနိုင်မှုနဲ့ ဉာဏ်ရည်မြင့်မားမှုကို ပေါင်းစပ်လိုက်တဲ့အခါ စွမ်းအင်တစ်ခုထွက်ပေါ်လာပြီး ဒီစွမ်းအင်ကြောင့်ပဲ Border Colliesတွေဟာtruffle hunterတွေ ဖြစ်လာခဲ့ကြတာပါ။

6.Golden Retriever
Golden Retriever တွေကတော့ ချစ်စရာရွှေအိုရောင် အမွှေးဖားဖားနဲ့ ခွေးကြီးမျိုးတွေဖြစ်ပါတယ်။ ခရင်မ်ရောင်နဲ့ တခြားရောင်ကွဲလေးတွေလဲ ရှိနိုင်ပါတယ်။ ဉာဏ်ရည်မြင့်မားပြီး ချစ်ဖို့ကောင်းတဲ့အပြင် နာခံတတ်တဲ့ကောင်တွေ ဖြစ်တာကြောင့် မိသားစုတွေအကြိုက်ရွေးချယ်မွေးကြတဲ့ ခွေးတွေထဲမှာ ထိပ်တန်းကပါဝင်နေပါတယ်။
Goldenတွေဟာ သင်ယူဖို့နဲ့ အများကို ကျေနပ်နှစ်သိမ့်မှုပေးနိုင်ဖို့ စိတ်အားထက်သန်ကြတာကြောင့် ဒီစွမ်းအင်ကို မိသားစုဝင်တွေနဲ့ တူတူအချိန်ကုန်ဆုံးချင်တဲ့ Goldenရဲ့ ဆန္ဒနဲ့ ပေါင်းစပ်လိုက်နိုင်တဲ့အခါ truffle huntingလုပ်ခိုင်းဖို့ အထူးသင့်တော်လာခဲ့တာပေါ့ဗျာ။
7.Poodle
The Poodle တွေကတော့ toy size၊ ပုံစံငယ်sizeနဲ့ ပုံမှန်ဆိုပြီး အရွယ်အစားသုံးခုထိ ကွဲပြား ရှိတတ်ကြပါတယ်။ ဒီကောင်လေးတွေဟာ ဉာဏ်ကောင်းကြတာကြောင့် ထင်ရှားပါတယ်။ ပြီးတော့ သူတို့ကလဲ လူကိုခင်တွယ်တတ်ကြတဲ့ အမျိုးလေးတွေပါပဲ။
Poodleလေးတွေဟာ အမဲလိုက်နွယ်ဝင်ထဲ ပါပါသတဲ့ဗျာ…ဒါပေမဲ့ ရေဘဲလို အကောင်လေးတွေကို ဖမ်းတယ်လို့ပဲ ဆိုနိုင်ပါတယ်။ အရွယ်အစားသုံးခုလုံးက Poodleတွေဟာ truffle dogတွေဖြစ်လာနိုင်ပါတယ်။ သူတို့ဟာ လူတွေကို စိတ်ချမ်းသာအောင် လုပ်ပေးဖို့ စိတ်အားထက်သန်တဲ့အပြင် ပင်ကိုဗီဇကောင်းတွေလဲ ရှိတာကြောင့် truffle dogတွေအဖြစ် ပြောင်ပြောင်မြောက်မြောက် တာဝန်ထမ်းဆောင်နိုင်ကြပါတယ်။
8.German Shorthaired Pointer
German Shorthaired Pointers တွေကတော့ အလယ်အလတ်အရွယ်အစားရှိပြီး သူတို့မှာပါဝင်တဲ့ အကွက်တွေ၊ အစင်းတွေကြောင့် လူသိများပါတယ်။ ဒီကောင်တွေက စမတ်ကျပါတယ်၊ ပျော်ပျော်လဲနေတတ်ပါတယ်၊ အမိန့်နာခံရင်း တက်တက်ကြွကြွနေတတ်တဲ့ မျိုးနွယ်တွေပါပဲ။
Pointerတွေဟာ အမဲလိုက်ရာမှာ အနံ့ခံအားကောင်းပြီး သားကောင်ရှိရာနေရာကို တိတိကျကျ ရှာဖွေနိုင်ကြပါတယ်။ ဒီလို ပင်ကိုဗီဇနဲ့ လေ့ကျင့်ပေးခံနိုင်မှု၊ သခင်ကို စိတ်ကျေနပ်မှုပေးချင်စိတ်ရှိမှုတို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ truffle huntingမှာ ဒီကောင်တွေ အသုံးတည့်တာ အဆန်းတော့မဟုတ်ပေဘူးပေါ့ဗျာ။
9.Labrador Retriever
The Labrador Retriever တွေကတော့ အရောင်အဆင်းအားဖြင့် အဝါရောင်၊ ချောကလက်ရောင်၊ အနက်ရောင်သန်းနေတတ်တဲ့ ခွေးကြီးမျိုးတွေဖြစ်ပါတယ်။ ဒီကောင်ကြီးတွေဟာလဲ ဖော်ရွေတတ်တယ်၊ ချစ်ဖို့ကောင်းတယ်၊ အပြင်မှာနေတဲ့အခါ အထာကျကျကောင်းမွန်တဲ့ အချက်တွေရှိတာကြောင့် North Americaတခွင်မှာ လူကြိုက်အများဆုံး နံပါတ်တစ်ဖြစ်နေတာ သိပ်တော့ မဆန်းဘူးပေါ့ဗျာ။
Labတွေဟာလဲ ရှာဖွေရာမှာ တဘက်ကမ်းခတ်ကျွမ်းကျင်တာကြောင့် truffleရှာရာမှာ အသုံးတည့်ကြပါတယ်။ Labတွေဟာ သခင်ကိုနာခံပြီး သခင်ကျေနပ်အောင် လုပ်ပေးချင်စိတ် ထက်သန်ပါတယ်၊ သဘောကောင်းပြီး လိုက်လျောညီထွေ ပြုမူတတ်တဲ့ ဒီကောင်ကြီးတွေဟာ ဘယ်ကိစ္စအတွက်မဆို အမြဲအသင့် ဖြစ်နေခဲ့တာပေါ့ဗျာ။
10.Australian Shepherd
Australian Shepherds တွေဟာ အလတ်စားအရွယ်ရှိပြီး အရောင်အသွေး စုံစုံလင်လင်ရှိပါတယ်။ သူတို့မှာရှိတဲ့ မျက်လုံးအပြာတွေကြောင့် ပိုထင်ရှားပါတယ်။ အင်ပြည့်အားပြည့် လှုပ်ရှားတတ်ကြပြီး ဒီကောင်တွေဟာ ကြိုးစားပမ်းစားနေတတ်ကြတယ်၊ ဉာဏ်ကောင်းတဲ့အပြင် လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ လှုပ်ရှားနိုင်ကြပါတယ်။
Aussieတွေမှာ ဖြုန်းစရာစွမ်းအင်တွေပိုနေတတ်တာကြောင့် ဒါကို အနံ့ခံစွမ်းအင်နဲ့ လေ့ကျင့်သင်ကြားပေးနိုင်မှုတို့ ပေါင်းစပ်လိုက်တဲ့အခါ ဒီကောင်တွေဟာ truffleရှာပုံတော်မှာ အထူးအသုံးတည့်သွားပါတော့တယ်။

ဘာလို့ ဝက်တွေသုံးပြီး truffleမရှာကြတော့တာလဲ
ဝက်တွေဟာလဲ truffle huntingလုပ်ရာမှာ ကျော်ကြားကြပါတယ်။ ဒါဆို သူတို့နဲ့ ရှာဖို့ရော ဘာလို့မစဥ်းစားကြလဲဆိုတဲ့ မေးခွန်းကပေါ်လာပါတယ်။ ဝက်မတွေဟာ truffleကို အနံ့ခံရာမှာ အကောင်းဆုံးလို့ဆိုကြပါတယ်…ဘာလို့လဲဆိုတော့ truffleတွေက ထွက်တဲ့အနံ့ဟာ ဝက်ထီးတွေရဲ့ တံတွေးကရတဲ့ pheromonesအနံ့နဲ့ အတော်လေးဆင်တူတာကြောင့် ဝက်မတွေက အလွယ်တကူရှာဖွေနိုင်တာပဲဖြစ်ပါတယ်။(ကိုင်း အထီးတွေကတော့ ဘာနေနေ ပြေးမလွတ်တဲ့ သဘောဆောင်နေတော့တာပေါ့ဗျာ) ဝက်မတွေဟာ truffleရဲ့ ရနံ့ကို အာရုံခံမိတာနှင့်တပြိုင်နက် မြေအောက်ကို တူးတော့တာပါပဲဗျာ။ သုံးပေအနက်လောက်ထိ တူးတတ်ကြပါသတဲ့…ဝက်မအစွမ်း
အဲ…ဒါလောက်တော်နေတာပဲ၊ ဝက်မက ကိစ္စမရှိဘူးလားဆိုတော့ ရှိပါတယ်…ပြဿနာကတော့ ဝက်တွေဟာ truffleတွေပြီဆိုတာနဲ့ စိတ်လှုပ်ရှားပြီး ဝမ်းသာအယ်လဲနဲ့ ချက်ချင်း စားပစ်တတ်လို့ပါပဲ။ တကယ်တော့ အီတလီနိုင်ငံမှာတော့ ၁၉၈၅ခုနှစ်ကတည်းက ဝက်သုံးပြီး truffle huntingလုပ်တာကို တားမြစ်ထားခဲ့ပြီးပါပြီ။ အကြောင်းရင်းကတော့ ဝက်တွေဟာ truffleကို စားပစ်တဲ့အပြင် truffleရှာတွေ့ရာ မြေပြင်ကို ပျက်စီးစေလို့ပါပဲ။ ဒီလိုပျက်စီးစေတဲ့အထဲမှာ myceliaလို့ခေါ်တဲ့ မှိုအလောင်းအလျာကိုပါ ပျက်စီးစေပြီး ကြီးထွားမှုကို ဟန့်တားပစ်ပါတယ်။
ခွေးတွေကို truffleရှာဖို့ လေ့ကျင့်ပေးပုံ အကျဥ်း
အကောင်းဆုံးကတော့ အရွယ်ငယ်တုန်းမှာ လေ့ကျင့်ပေးခြင်းပါပဲ။ ဒါပေမဲ့ အရွယ်ရောက်ပြီးသားခွေးတွေကိုလဲ သင်ပေးလို့ရပါတယ်။ The Truffle UnderGround ကိုရေးတဲ့ Lisa Brosnan ကတော့ ခွေးတွေမှာ အစားစားဖို့ စိတ်အားထက်သန်နေသေးရင်၊ စူးစမ်းချင်စိတ်ရှိသေးရင်၊ အမှီအခိုကင်းပြီး အမိန့်နာခံတတ်သရွေ့ ခွေးအသက်အရွယ်စုံကို truffle hunt အတွက် လေ့ကျင့်ပေးနိုင်တယ်လို့ ယုံကြည်ထားပါတယ်။
သူသုံးတဲ့ နည်းလမ်းကတော့ ခွေးတွေကို truffle အနံ့ခံခိုင်းထားပြီး အနံ့မှတ်မိတဲ့ကောင်ကို အစာကျွေးဆုချတဲ့ အပြုသဘောဆောင် နည်းလမ်းပဲ ဖြစ်ပါတယ်။
ခွေးတွေ truffleကိုတွေ့ပြီဆိုတာနဲ့ ထိုင်ချလိုက်ပြီး တည်နေရာကို ပိုင်ရှင်ထံ ဟောင်ပြီးအသိပေးတတ်အောင် သင်ကြားပေးထားပါတယ်။ လေ့ကျင့်ခန်းမှာ အနှောက်အယှက်တွေကိုလဲ တမင်ထည့်သွင်းပြီး ခွေးတွေရဲ့ အာရုံစူးစိုက်မှုကို ပိုတိုးတက်လာအောင် ပံ့ပိုးပေးထားပါတယ်။ အခြားအကောင်တွေ၊ အနံ့တွေနဲ့ ဆူညံသံတွေကို ဖန်တီးပြီး ခွေးတွေ အာရုံပြောင်းအောင် လှည့်စားကြည့်ကြပါတယ်။
နိဂုံးကမ္မက် အဆုံးသတ်
ဝက်တွေက truffle huntingဈေးကွက်ကို စနိုးစနောင့်ဖြစ်အောင်လုပ်လာကြတဲ့အချိန်မှာပဲ ကျွန်တော်တို့ရဲ့ အချစ်တော်ခွေးတွေက ဒီအတွက် ပိုကောင်းအောင်လုပ်လာနိုင်တယ်လို့ ဆိုရပါမယ်။ ခွေးတွေကတော့ truffleကို အနံ့ခံရုံသက်သက်ပဲ လုပ်ပေးတာဖြစ်ပြီး စားပစ်လိုက်ဖို့ စိတ်မဝင်စားတတ်ကြပါဘူး။
အပေါ်မှာပြောပြခဲ့တဲ့အထဲမှာ excellent truffle hunterစာရင်းဝင် နာမည်ကြီးခွေး ဆယ်မျိုးအကြောင်းကို ပြောပြပေးခဲ့တာပါ။ ညဥ်ကောင်းလေးရှိနေတဲ့ ဘယ်ခွေးမဆို truffle huntingရှာပုံတော်ခရီးစဥ်မှာ အောင်မြင်နိုင်ပါတယ်လို့ပဲ ဆိုရင်း ဒီမှာတင် နိဂုံးချုပ်ခွင့်ပြုပါခင်ဗျာ။
Comments