top of page

ခွေးလေးတွေက ဘာကြောင့် စွန့်ထားတဲ့ ကိုယ့်အညစ်အကြေးကို ပြန်စားမိတတ်ကြလဲ?

  • Writer: Diva The Bully
    Diva The Bully
  • Apr 10, 2022
  • 3 min read


ဒီလို ဖြစ်တာကရော ဘာ‌ကြောင့်လို့ သင်ထင်သလဲ?? ဒီလိုအကျင့်ကြီးကို ဖျောက်ပေးနိုင်တဲ့ နည်းလမ်းတွေ သင်ရှာနေသလား?? ဒါဆိုရင်တော့ ခုပြောမယ့်ဟာတွေနဲ့ ကွက်တိပါပဲ…

ဒီအကြောင်းအရာလေးကို မဖတ်ခင် ပြောပြချင်တာက သင့်အနေနဲ့ အစားအသောက်မစားတဲ့အချိန်၊ အစားနဲ့ဝေးနေချိန်မှာ ဖတ်ဖို့ ပိုပြီး တိုက်တွန်းချင်ပါတယ်နော်။

ဘာလို့ဆိုတော့ တိလေးတွေရဲ့ သဘာဝအခြေအနေ‌လေးတစ်ခုကို ပြောပြပေးချင်တာဆိုတော့ Myanmar k9 Media ရဲ့ ပရိသတ် သက်တောင့်သက်သာဖတ်စေချင်တဲ့ စေတနာနဲ့ ပြောပြပေးတာပါ

ခွေးလေးတွေမှာ မစင်ကိုစားမိတာက သူတို့အတွက် ပုံမှန်ဖြစ်တတ်တဲ့ လုပ်မိတတ်တဲ့ အပြုအမူတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီလိုစားတာကိုတွေ့လိုက်ရလို့ သင့်အနေနဲ့ တော်တော်လေးလန့်သွားနိုင်ပေမဲ့ အော်လိုက်တာတို့၊ ခွေးလေးကိုလှန့်လိုက်တာတို့ မလုပ်သင့်ပါဘူး။ (ခွေးလေးတွေကို အပြစ်တင်သလို လုံးဝ သွားမပြောရပါဘူးနော်) ဒီလို သွားလုပ်လိုက်မယ်ဆိုရင် အဲ့လုပ်ရပ်က သင့်ခွေးလေးကို အကောင်းထက်စာရင် အဆိုးတွေပိုလုပ်မိအောင် တွန်းပို့လိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဒ့ါအပြင် ဒီဟာကြီးတွေစားတာကို ပိုလုပ်မိသွားနိုင်တဲ့အပြင် အခြားအပြုအမူဆိုင်ရာ ပြဿနာတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီကိစ္စကို အချိန်ကိုက် အဆင်ပြေပြေ မကိုင်တွယ်နိုင်ရင် ဒီလို စားတတ်တဲ့ အကျင့်က ခွေးလေးမှာ စွဲသွားနိုင်ပြီး ထပ်ကာထပ်ကာ လုပ်မိသွားနိုင်ပါတယ်။

ဒါကြောင့် Puppyလေးတွေ ဘာကြောင့် မစင်ကို စားမိတတ်ကြသလဲဆိုတဲ့ နောက်ခံ အကြောင်းရင်းနောက်ကို လိုက်ကြရအောင်လားဗျာ။ ဒီကမှတဆင့် ဒီလိုစားနေတာတွေကနေ ရပ်သွားအောင် ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ အဖြေကို ရှာလိုက်ကြရအောင်လားဗျာ…

ပါပီလေးတွေ သူတို့ အီအီးတွေကို ဘာကြောင့်စား???
ဒါကတော့ သူတို့ စားမိနိုင်တဲ့ အကြောင်းရင်းအချို့ပဲ ဖြစ်ပါတယ်…

၁. ပါပီလေးတွေက သူတို့အမေတွေကို အတုခိုးပြီး လိုက်စားတယ်


ခွေးလေးတွေက သူတို့ပေါက်စနလေးတွေ ဘဝကတည်းက မစင်ကိုစားမိတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ခွေးလေးတွေ မွေးကင်းစအရွယ်လေးမှာ ခွေးမေမေက ခွေးလေးတွေရဲ့ အင်အင်းကိုစားမိတတ်ကြပါတယ်။ ဒီလိုစားရတာက အချက်နှစ်ချက်ကြောင့်ပါ…သူတို့ကိုထည့်ထားတဲ့နေရာလေး ညစ်ပေမနေအောင် ရှင်းလင်းချင်လို့ စားတာဖြစ်နိုင်သလို အင်အင်းရဲ့ အနံ့ကြောင့် ခွေးသေးသေးလေးတွေ ရှိနေတာကို ရန်သူနဲ့ အခြားကောင်တွေ သိသွားပြီး ရန်လာလုပ်မှာစိုးတဲ့ အချက်ကြောင့်လဲ ပါပါတယ်။ တကယ်တမ်းဆို အိမ်တွေက လုံခြုံပြီး တခြားကောင်တွေ မရှိပေမဲ့ ဒီလို ခွေးမေမေတွေ လုပ်မိတတ်တာက ရှေးအစဥ်အဆက် တိရစ္ဆာန်တွေ လုပ်လာတဲ့ ဆင့်ကဲဖြစ်စဥ်အပြုအမူတစ်ခုပါပဲ။ အခြားတိရစ္ဆာန်တွေဟာလဲ သူတို့မွေးထားတဲ့ အကောင်ပေါက်လေးတွေအတွက် ဒီလိုပဲ လုပ်တတ်ကြပါတယ်။ ခွေးလေးတွေသားပေါက်ချိန်ကစလို့ အရွယ်မရောက်ခင်ထိ ခွေးမေမေတွေက ဒီလိုပဲ ပြုမူတတ်ကြပါတယ်။ ဒါက တိရစ္ဆာန်တွေမှာ ပါလာတဲ့ ဆင့်ကဲဗီဇစိတ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ခွေးပေါက်လေးတွေဆိုတာကလဲ ခွေးမေမေလုပ်သမျှကို လိုက်ကြည့်ပြီး အတုခိုးနေတတ်တာကြောင့် အမေလုပ်သမျှကို နောက်ကလိုက်လုပ်ပြီး စားမိတာမျိုးဖြစ်တတ်ပါတယ်။ ခွေးပေါက်လေးတွေဟာ စူးစမ်းတတ်တဲ့ ပင်ကိုသဘာဝအလျောက် သူတို့ကိုယ်တိုင်စွန့်ထားတဲ့ မစင်ကို အနံ့ခံ၊ အရသာခံမိရင်း စားမိတတ်ကြပါတယ်…တခြားကောင်တွေရဲ့ မစင်ကိုလဲ အဲလိုပဲ စားမိတတ်ကြပါတယ်။ ခွေးမေမေတွေကတော့ ခွေးပေါက်‌လေးတွေ အစာမာကိုစားနိုင်ပြီး လှောင်အိမ်ထဲကနေ တခြားမှာ မစင်စွန့်ဖို့ သွားတတ်တဲ့ အရွယ်ရောက်တာနဲ့ တပြိုင်နက် သားသား၊ မီးမီးတို့ရဲ့ အင်အင်းကို မစားတော့ပါဘူး။ ဒါပေမဲ့ မစင်ကို စားမိသွားတဲ့ သားသား မီးမီးလေးကတော့ ပိုပြီးကြီးကောင်ဝင်တဲ့ အရွယ်ကို ရောက်တာတောင်မှ ဒီအကျင့်ကို ဆက်လုပ်နေမိတတ်ပါတယ်တဲ့။ ဒီလိုအပြုအမူကို စောစောစီးစီး တားနိုင်ဖို့ကတော့ ပါပီလေးတွေ ဒါကိုစမ်းမစားမိနိုင်ခင် ကိုယ်က ဦးအောင် ရှင်းလင်းလွှင့်ပစ်နိုင်ဖို့ပါပဲ။ ဒါပေမဲ့ သင်ကခွေးလေးတွေကို အမေနဲ့ နို့ဖြတ်ပြီးမှ မွေးဖို့‌ အိမ်ခေါ်လာနိုင်ခြေက ပိုများပါတယ်။ ဒါဆိုရင် ခွေးလေးတွေကို ပထမဆုံးမွေးတဲ့အိမ်မှာ ဒီလိုမကျင့်ပေးလိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။


၂. အစာကောင်းစွာမကြေညက်ခြင်းကြောင့်လဲ မစင်ကိုစားမိတတ်ပါတယ်


ခွေးလေးတွေက မစင်ကိုစားမိတတ်တာ ပုံမှန်အခြေအနေပဲလို့ ဆိုနိုင်ပေမဲ့ အာဟာရမျှတကြယ်ဝတဲ့ အစာကို ပုံမှန်စားနေရတဲ့ ခွေးလေးတွေကတော့ ဒီအပြုအမူကနေ လွန်မြောက်နိုင်သင့်ပါတယ်။ သင့်ခွေးလေးက ဒီလိုတွေ စားနေမိတယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ တိမွေးကုဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ကြည့်ပါ။ သင့်ခွေးလေးက အစာကောင်းကောင်းမခြေနိုင်တာမျိုး ဖြစ်နေနိုင်လို့ပါပဲ။ စားလိုက်တဲ့အစာမှာ အလွယ်တကူကြေညက်နိုင်တဲ့ အစာတွေ သိပ်မပါတာကြောင့် စားလိုက်တဲ့ ပုံစံအတိုင်း ပြန်စွန့်မိတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ခွေးလေးမှာ အစာခြေစနစ်ပြဿနာ ရှိကောင်း ရှိနေနိုင်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ပြန်ထွက်လာတဲ့ အစာဟောင်းက သူစားလိုက်တဲ့ အစာရဲ့ အရသာနဲ့ သွားတူနေတတ်ပါတယ်။ ဒါကြောင့်သာ အစာဟောင်းကြီးကို သူ့အစာမှတ်ပြီး ကောက်စားမိတာပါ။ ပထမဆုံး လုပ်သင့်တာက အရည်အသွေးမြင့်တဲ့ အစာကိုပြောင်းကျွေးပြီး ဖြေရှင်းကြည့်ပါ။ ဒါက အလုပ်မဖြစ်သေးဘူးဆိုရင်တော့ သင့်ခွေးလေးကို တိမွေးကုဆရာဝန်နဲ့ ပြပေးဖို့လိုအပ်နေပါပြီ။


၃. ပျင်းရိငြီးငွေ့ခြင်းနဲ့ စိတ်ဖိစီးမှုတွေကြောင့်လဲ ပါပီလေးက အင်အင်းကို စားမိတတ်တယ်


သူ့ကို တစ်ကောင်တည်း အကြာကြီးပစ်ထားမိရင်လဲ ပျင်းလာတဲ့ ခွေးလေးဟာ မစင်တွေနဲ့ ဆော့ကစားရင်း စားမိတတ်ပါတယ်။ အဲ…Stressသာ ပိရင်တော့ ခွေးလေးတွေမပြောနဲ့ ခွေးကြီးတွေပါ ကိုယ့်မစင် ကိုယ်ပြန်စားမိတဲ့အထိ တွန်းအားဖြစ်စေပါတယ်။ အိမ်သစ်၊ သခင်သစ်ဆီ ရောက်လာတာမျိုးကစလို့ စိတ်ဖိစီးစေတဲ့ အကြောင်းရင်းအများကြီး ရှိနေနိုင်ပါတယ်။ ဒီလို ဖိစီးမှုကြောင့် စားမိတဲ့ ခွေးလေးတွေဆိုရင် ထပ်ပြီး Stressရအောင် ဆူပူအပြစ်ပေးတာမျိုး မလုပ်ရပါဘူးနော်။

၄. အစာလုံလုံလောက်လောက်မရတာကြောင့် မစင်ကိုစားရတဲ့ခွေးလေးတွေ


ခွေးလေးတွေရဲ့ ဗိုက်ထဲမှာ သန်နဲ့ အခြားကပ်ပါးကောင်တွေ တွယ်လာတဲ့အခါ သူတို့က ခွေးရဲ့ အစာခြေစနစ်က အာဟာရဓာတ်တွေကို ဖဲ့ယူသွားပါတယ်။ ဒါကြောင့် ခွေးလေးတွေက သူတို့ရဲ့ အစာလိုအပ်ချက်ပြည့်မီအောင် တွေ့သမျှကို စားမိတတ်ပါတယ်။ ထို့နည်းတူစွာပဲ…သင့်ခွေးလေးက တနေ့တာအစာကို လုံလုံလောက်လောက် မစားရတာကြောင့်လဲ ဒီလိုလုပ်မိနိုင်ပါတယ်။ ခွေးလေးတွေ ကြီးလာတာနဲ့အမျှ တစ်ရက်ကို နှစ်ကြိမ် သုံးကြိမ်လောက် အစာစားရဖို့ လိုအပ်လာပါတယ်။ Puppy toy breedတွေမှာဆိုရင် သွေးတွင်းသကြားဓာတ်မကျအောင် သူတို့ကို တစ်နေ့ လေးကြိမ်အထိ ကျွေးရမယ်လို့ ညွှန်းဆိုထားကြပါတယ်။ သင့်ခွေးကို တစ်ရက်ဘယ်လောက်ကျွေးသင့်တယ်၊ ဘယ်နှကြိမ်ကျွေးသင့်တယ်ဆိုတာကိုတော့ တိရစ္ဆာန်ကုဆရာဝန်နဲ့ တိုင်ပင်ပြီး ကျွေးသင့်ပါတယ်။

၅. သင့်ရဲ့ အာရုံစိုက်မှုကိုလိုချင်လို့လဲ အင်အင်းတွေကို စားပြတတ်တယ်


သူတို့မစင်စားနေတာကို သင်တွေ့တဲ့အခါ စိတ်ပျက် လန့်ဖျတ်သွားတဲ့ အပြုအမူကို ခဏ ခဏ မြင်လိုက်ရရင်လဲ ဒီလိုတုံ့ပြန်အဖက်လုပ်မှုကို ရဖို့ ခွေးလေးက ဒီအပြုအမူကိုပဲ ထပ်ကာထပ်ကာ လုပ်ပြတတ်ပါတယ်။ သင်ကမကြိုက်ကြောင်း ပြလိုက်ပေမဲ့လဲ သူကတော့ သူ ဒီလိုလုပ်လိုက်ရင် သင့်ဆီက ပိုသာတဲ့ ဂရုစိုက်မှုတွေ ရနိုင်တယ်လို့ မှတ်ထားလိုက်တာကြောင့်ပါပဲ။ ဒါကြောင့် သင့်ခွေးလေးက သင်မကြိုက်တာကို ထပ်ထပ်လုပ်နေမယ်ဆိုရင် တကယ်တမ်းက သင့်ရဲ့ အာရုံစိုက်မှုကို သူလိုအပ်နေတာမျိုးလဲ ဖြစ်နိုင်ပါတယ်။

၆. အပြစ်ပေးမှုကို ရှောင်ရှားနိုင်ဖို့လဲ ဒီလို‌တွေ လုပ်ပြတတ်တယ်


ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် သင့်ရဲ့ အပြစ်တင်မှုတွေကနေ ရှောင်ရှားနိုင်ဖို့ကြိုးစားရင်း ခွေးလေးက မစင်တွေကို စားမိတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ သူ့ကြောင့် ဖြစ်သမျှ မတော်တဆကိစ္စလေးတွေ၊ ပျက်စီးသွားတာလေးတွေကို သင်က ဒေါသတကြီးနဲ့ တုံ့ပြန်နေမယ်ဆိုရင် သူ့ရဲ့ သဲလွန်စတွေကို ဖျောက်ပစ်ဖို့ သူ့ကြောင့်ဖြစ်တဲ့ အပျက်အစီးတွေကို စားပစ်တတ်ပါတယ်။ ဒီလိုနဲ့ပဲ သူလဲ အဲ့အကျင့်ကနေ အင်အင်းတွေကိုပါ စားမိသွားတတ်ပါတယ်။

၇. ကြိုက်လို့စားတဲ့ ခွေးလေးတွေ


အချို့သောခွေးပေါက်လေးတွေနဲ့ ခွေးကြီးတွေကတော့ သူတို့ရဲ့ အင်အင်းကို စားရတာကို ကြိုက်လို့ကို စားနေကြပါသတဲ့…ဒီလိုအပြုအမူတွေအတွက်ကျတော့ ကျေနပ်လောက်တဲ့ ဖြေရှင်းချက်မရှိနိုင်တာကြောင့် သူတို့မစားမိအောင် တားဖို့ပဲ သင်လုပ်နိုင်ပါတယ်။ ဒီလိုစားဖို့ လုပ်နေတဲ့အချိန် သူတို့ကို အတင်းဖယ်ထုတ်တာမျိုး အညစ်အကြေးကို မြန်နိုင်သမျှ မြန်မြန် ရှင်းပစ်လိုက်တာမျိုးပဲ ဖြစ်ဖြစ် လုပ်ပြီး တားဆီးနိုင်ပါတယ်။


ခွေးကလေး အင်အင်းတွေမစားအောင် ဘယ်လိုတားမလဲ

ခွေးလေးတွေ အညစ်အကြေးတွေ မစားမိစေဖို့ လုပ်ဆောင်လို့ရနိုင်တဲ့ ဖြေရှင်းနည်းတွေကို ပြောပြပေးသွားပါမယ်…

၁ .သင့်ခွေးလေးကို အရည်အသွေးကောင်းတဲ့ ခွေးစာတွေ အမြဲကျွေးပါ


သင်သူ့ကိုပြပေးနေကျ တိမွေးကုဆရာဝန်နဲ့တိုင်ပင်ပြီး သင့်ခွေးလေး ပုံမှန်ကြီးထွားဖို့အတွက် အသားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နဲ့ အခြား အာဟာရဓာတ်တွေ စုံစုံလင်လင်ပါဝင်တဲ့ အရည်အသွေးမြင့် အစားအစာကို ရွေးချယ်ပါ။ သင့်ခွေးမှာ အစာကောင်းစွာမကြေညက်ခြင်းရဲ့ လက္ခဏာတွေ အောက်ပါအတိုင်း ပြနေသလားဆိုတာ လေ့လာပါ

• ကောင်းစွာမကြီးထွားနိုင်ခြင်း • ရှိသင့်တဲ့ ဝိတ်ထိ မတက်လာခြင်း • အော့အန်ခြင်း • ဝမ်းအရည်တွေသွားခြင်း • အစာမခြေထားနိုင်တဲ့ အစာတိုင်း ပုံမပျက်တဲ့ မစင်တွေပြန်ပါလာခြင်း ဒီလက္ခဏာတွေ တွေ့နေရပြီဆိုရင်တော့ တိမွေးကုဆရာဝန်နဲ့ ပြသင့်နေပါပြီ။ ဒီလိုမှ မဖြေရှင်းရင်တော့ ကိစ္စတွေက ပိုကြီးသွားနိုင်ပါတယ်။

၂. သင့်ခွေးအတွက် လေ့ကျင့်ခန်းလုပ်ချိန်၊ ကစားချိန်တို့အပြင် သင်ရဲ့ အာရုံစိုက်မှုကိုပါ သေချာပေးနိုင်ပါစေ


သင့်ခွေးလေးကို လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းလုပ်ဖို့နဲ့ ကစားဖို့အချိန် ပေးထားရသလို သူ့အတွက်လိုအပ်တဲ့ ဂရုစိုက်မှုတွေကိုလဲ သင်က သေချာပေးရပါမယ်။ သူ့ကို တစ်ကောင်တည်း ခဏထားခဲ့ရမယ်ဆိုရင် သူ့အရွယ်နဲ့ သင့်တော်မဲ့ ကိုက်စရာ ဆော့စရာအရုပ်လေးတွေပေးထားခဲ့ပြီး သူ့ကို အလုပ်ရှုပ်အောင် လုပ်ထားခဲ့သင့်ပါတယ်။ ဒါမှသာ သူ့ရဲ့ stressတွေ၊ ပျင်းရိငြီးငွေ့ခြင်းတွေနဲ့ အထီးကျန်မှုကို ပြေ‌ပျောက်စေနိုင်ပြီး အညစ်အကြေးတွေ လျှောက်စားတဲ့ဆီကို စိတ်မရောက်သွားဘဲ နေနိုင်မှာပါ။

၃. သင့်ခွေးစွန့်လိုက်တဲ့ အညစ်အကြေးကို ဇွဲရှိရှိနဲ့ ရှင်းလင်းပေးပါ


သင့်ခွေးကို သူ့မစင်တွေနဲ့ ဆော့မိဖို့ စားမိဖို့ အခွင့်အရေး မပေးလိုက်ပါနဲ့။ သူ့ကိုအပြင်မှာ ထွက်ကျောင်းတဲ့အခါ ကြိုးလေးနဲ့ ထိန်းထားပေးပါ။ သူပါစရာရှိတာ ပါပြီးတာနဲ့တပြိုင်နက် စွန့်ပြီးတာတွေကို သွားမနမ်းမိအောင် မစူးစမ်းမိအောင် ထိန်းထားပေးပါ။ သူ့ကို အာရုံလွှဲတဲ့အနေနဲ့ နာမည်ခေါ်လိုက်ပါ။ သူက သင်ခေါ်တာကို ကောင်းကောင်းတုံ့ပြန်လာတာတဲ့အခါ သူ့ကိုဆုချတဲ့အနေနဲ့ အစားလေးနဲနဲကျွေးပါ၊ လိမ္မာတဲ့အကြောင်းလဲ နှုတ်ကထုတ်ဖော်ချီးကျူးပေးပါ။ သူစွန့်ထားတဲ့ဟာကို မရှင်းလင်းခင် သူ့ကို အဝေးကို အရင်ပို့ထားပေးလိုက်ပါ။

၄. ခွေးတွေ အဲလိုမစားအောင် လုပ်ပေးတဲ့ ဖြည့်စွက်စာကို စမ်းကျွေးကြည့်ပါ


မစင်စားခြင်းကနေ တားဆီးပေးနိုင်တဲ့ ဖြည့်စွက်စာလေးတွေ ရှိပါတယ်။ ဒါလေးတွေကို သူတို့စားပေးရင် ပြန်ထွက်လာတဲ့ မစင်မှာ အနံ့အသက်တွေလျော့နည်းလာပြီး ခွေးလေးတွေကို အနံ့ခံရင်း စားမိခြင်းကနေ တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ သင့်ခွေး အင်အင်းပါချပြီးတိုင်း ရှင်းလင်းပစ်တာကတော့ ပိုပြီးထိရောက်ပါတယ်။

၅. ခွေးကျောင်းတိုင်း ကြိုးလေးနဲ့ ကျောင်းပါ


သင့်ခွေးကို ကြိုးနဲ့ထိန်းပြီး ကျောင်းခြင်းကလဲ သူ့ကိုအခြားခွေးတွေရဲ့ အညစ်အကြေးတွေစားမိခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ကပ်ပါးကောင်နဲ့ ရောဂါတွေဟာ မစင်ကနေတဆင့် ကူးစက်ကပ်ပါလာနိုင်တာကြောင့် သင့်ခွေးလေးကို အညစ်အကြေးတွေနဲ့ ထိတွေ့စေချင်မှာ မဟုတ်ပါဘူး။ သင့်ခွေးက အင်အင်းပုံကို အနံ့စခံတာနဲ့ ကြိုးကို ညင်ညင်သာသာဆွဲပြီး ဦးတည်ရာပြောင်းပေးလိုက်ပါ။ မစင်တွေကို စိတ်ဝင်စားပုံပြတာနဲ့တပြိုင်နက် ချက်ချင်းအာရုံလွှဲဖို့နည်းလမ်းတွေကို သုံးလိုက်ပါ။ သူက သင်ပြောသလို လိုက်နာတယ်ဆိုရင် သူ့ကိုနှုတ်ကနေ ထုတ်ဖော်ချီးကျူးရုံတင်မက အစာလေးပါကျွေးပြီး ဆုချပေးလိုက်ပါ။ ဒီလို အချိန်တော်တော်ကြာ လေ့ကျင့်ပေးပြီးနောက်မှာတော့ သင့်ခွေးလေးကို နဲနဲလောက်လွှတ်ပေးထားလို့ ရလာပါလိမ့်မယ်။ ဒီအခါမှာတော့ သူကတော့ သင့်ကွယ်ရာမှာ မစင်တွေကို ကောက်စားမှာ မပူရတော့ပါဘူး။


ခွေးကြီးတွေမှာ ဒီအကျင့်ပါလာရင် ဘယ်လိုတွေဖျောက်သင့်လဲ?

ပါပီအများစုကတော့ အင်အင်းစားချင်တဲ့ဆန္ဒကို တချိန်ချိန်မှာ ဖျောက်လိုက်နိုင်ပေမဲ့ တချို့ခွေးတွေကတော့ အဲလိုတွေဆက်စားနေပြီး အရွယ်ရောက်ပြီးသား ခွေးတစ်ကောင်ရဲ့ အမူအကျင့်တွေ ပျောက်နေတတ်ပါတယ်။ တချို့ခွေးတွေကတော့ ကြောင်နဲ့ မြင်းရဲ့ မစင်တွေကို လူလစ်ရင် စားမိတာမျိုး ရှိတတ်ပါတယ်။ သခင်တွေအနေနဲ့ ကိုယ့်ခွေးက ဒီလိုအညစ်အကြေးတွေနဲ့ အနီးကပ်ရှိမနေရအောင် ဂရုတစိုက် စောင့်ကြပ်တားမြစ်သင့်ပါတယ်။ အရွယ်ရောက်ပြီးသား ခွေးကြီးတွေဟာ ပျင်းလို့ဖြစ်ဖြစ် ရောဂါကြောင့်ပဲဖြစ်ဖြစ် စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ ဖြစ်ဖြစ် အပြစ်ပေးခံရမှာကို ကြောက်လို့ပဲဖြစ်ဖြစ် သူတို့ မှတ်ထားသလို သခင်ရဲ့ အတန်းရှင်းကို လိုချင်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်(သို့)အခြားခွေးရဲ့ မစင်တွေကို စားတတ်ကြပါတယ်။ ဒီအခါ ပိုင်ရှင်အနေနဲ့ လုပ်ပေးလို့ရတာတွေက အများကြီးပါပဲ။ သင့်ခွေးရဲ့ ကျန်းမာရေးကို တိမွေးကုဆရာဝန်နဲ့ အရင်စစ်လိုက်ပါ…စစ်လိုက်လို့ ကောင်းတယ်ဆိုရင်တော့ ခွေးလေးတွေကို စိတ်ပြောင်းအောင် လုပ်တဲ့နည်းလမ်းတွေအားလုံးကို သုံးပြီး ခွေးကြီးတွေကိုလဲ ဒီအကျင့်ဆိုးကြီးပါမသွားအောင် ဖျောက်ပေးလို့ ရပါတယ်။


Thanks for reading!

Sharing is caring

댓글


Post: Blog2 Post

+959452718466

©2022 by Myanmar K-9 Media. Proudly created with Wix.com

bottom of page