ခွေးမလေးတွေ သဘာဝအရ Heat(ဓမ္မတာ)လာရင် ဘယ်လိုတွေ ဖြစ်တတ်သလဲ
- Diva The Bully
- Apr 9, 2022
- 2 min read
ဒီတခါတော့ ကိုယ့်အိမ်မှာမွေးထားတဲ့ ခွေးမလေးတွေ သဘာဝအရ Heat(ဓမ္မတာ)လာရင် ဘယ်လိုတွေ ဖြစ်တတ်သလဲ၊ ပိုင်ရှင်တဖြစ်လဲ ဖေဖေမေမေတို့က ဘယ်လိုတွေ သန့်ရှင်းအောင်ထားပေးသင့်လဲ၊ ဂရိုစိုက်ပေးသင့်လဲဆိုတာကို ပြောပြပေးသွားပါမယ်နော်။ ခေါင်းစဥ်လေးတွေ ခွဲပြီး ပြောပေးထားတာဖြစ်လို့ သေချာလေးဖတ်ပြီး Heatကြောင့် စိတ်ရှုပ်ထွေးနေတဲ့ မီးမီးလေးတို့ကို ဂရုစိုက်ပေးပါဦးနော်။ Admin လဲ တစ်နှစ် ၂ ခါလောက် Diva ရဲ့ Heat ကိစ္စ ခဏခဏ ရင်ဆိုင်နေရတာဆိုတော့ ယခု Post ကို ခွေးအခုမှ စမွေးသည့် သူများ/ beginner dog owner များအတွက် desperate မဖြစ်စေရန် ရည်ရွယ် ထားပါတယ်။ Peace!

..................................................................................................
ခွေးမလေးတွေ ရာသီပန်းပွင့်တဲ့ ဖြစ်စဥ်လေးကလဲ လူသားမိန်းမတွေလိုပါပဲ…
သူ့ဘဝရဲ့ အလှည့်အပြောင်းတွေထဲက တစ်ခုအဖြစ် ရောက်လာတတ်တဲ့ သဘာဝဖြစ်စဥ်တစ်ခုပါပဲ။ ဒီလို Heatလာပြီဆိုရင် ခွေးထီးတွေနဲ့ မိတ်လိုက်ပြီးမျိုးပွားနိုင်တဲ့ အသက်အရွယ်ကို ရောက်လာပြီလို့ ဆိုရပါမယ်။ ခွေးမလေးရဲ့ မျိုးဥအိမ်ထဲက မျိုးဥတွေ အပြင်ကိုထွက်လာပြီး ဟော်မုန်း အပြောင်းအလဲ၊ သွေးသားအပြောင်းအလဲ စတင်ဖြစ်ပေါ်လာပါပြီ။ ဒီလို သဘာဝအရ ပြောင်းလဲခြင်းဖြစ်စဥ်ဟာ သင့်ခွေးရဲ့ အပျိုဖော်ဝင်တဲ့ ဖြစ်စဥ်ဆိုပေမဲ့ ဒီအချိန်မှာ သူတို့လေးတွေ လုပ်တတ်တဲ့ ထူးထူးဆန်းဆန်း အမူအကျင့်တွေက စိုးရိမ်စရာကောင်းနေတတ်ပါတယ်။ဒါကြောင့် သင့်ခွေး heatလာချိန်မှာ လုပ်တတ်တဲ့ အမူအကျင့်လေးတွေအကြောင်းကို သေချာလေး သိထားသင့်ပါတယ်။ ဒါမှသာ သင့်ခွေးရဲ့ ရာသီစက်ဝိုင်းဂယက်မှာ စိတ်ဖိစီးမှု မရှိရဘဲ ကောင်းကောင်းကြီး ဖြတ်သန်းသွားနိုင်မှာပါ။
*ခွေးမလေးတွေ Heatလာကြောင်းကို သိနိုင်တဲ့ လက္ခဏာများ
သင့်ခွေးလေး heatလာပြီဆိုတာနဲ့ သူ့ရဲ့ ရာသီစက်ဝန်းကြောင့် ဖြစ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အပြုအမူဆိုင်ရာ အပြောင်းအလဲတွေကို သင် သတိပြုမိလာနိုင်ပါတယ်။ အောက်မှာ ပြောပြထားတဲ့ လက္ခဏာတွေကို မြင်ရပြီဆိုရင် သင့်ခွေးလေးမှာ Heatလာပြီလို့ ဆိုနိုင်ပါတယ်။
(၁) သူ့ရဲ့ မိမွေးတိုင်း အင်္ဂါလေးကနေ သွေးရောင်လို(သို့) စထရော်ဘယ်ရီအရောင်လို အရည်တွေ ထွက်လာမယ်။
(၂) မိမွေးတိုင်းအင်္ဂါလေး ဖောင်းလာမယ်။
(၃) မျိုးပွားအင်္ဂါနားတဝိုက်ကို ဆက်တိုက်ဆိုသလို လျက်နေမိတတ်တယ်။
(၄) ခွေးထီးတွေကို လိုလားဟန် ပြလာတတ်တယ်။
(၅) ရှူးရှူး မကြာခဏပေါက်လာတယ်။
(၆)) ရန်လိုတတ်လာတယ်၊ ဂဏှာမငြိမ်ဘဲ စိတ်လှုပ်ရှားဟန်ပြလာတတ်တယ်။
(၇) အမြီးရဲ့ အနေအထား ပြောင်းလာတယ်။
သင့်ခွေးမှာ ဒီလို အပြုအမူတွေ ပြောင်းလာပြီဆိုရင်တော့ သင့်ခွေးလေးရဲ့ ရာသီစက်ဝန်းကာလထဲမှာ သက်တောင့်သက်သာလေး ဖြစ်အောင် ကိုင်တွယ်နိုင်ဖို့၊ ဂရုစိုက်ပေးနိုင်ဖို့ ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။
*Heatလာနေတဲ့ ခွေးမလေးကို ဘယ်လိုကိုင်တွယ် ထိန်းချုပ်မလဲ
ဒါက ပထမဆုံး ရာသီစက်ဝန်းဆိုရင်တော့ သင့်ခွေးရော ပိုင်ရှင်ဖြစ်တဲ့ သင်ပါ အတော်လေး စိတ်မသက်မသာ ခံစားရပါလိမ့်မယ်။ သင့်ခွေးလေးကို သက်တောင့်သက်သာဖြစ်စေချင်တယ်ဆိုရင် ပထမဆုံးအခေါက်က သူ့အတွက် လွယ်လွယ်ကူကူပဲ ဖြစ်စေချင်ရင်တော့ ဒီအောက်မှာ ပြောပြထားသလိုလေးတွေ လုပ်ကြည့်ပေးပါဦး…
*သန့်ရှင်းစေမဲ့ နည်းလမ်းများ
-ဒိုက်ပါသုံးပေးပါ
သင့်ခွေးက အိမ်ထဲမှာ သင်နဲ့တူတူနေတာဆိုရင်တော့ ခွေးဒိုက်ပါ(diaper)ကောင်းကောင်းလေး သုံးပေးသင့်ပါတယ်။ ခွေးသေးလေးတွေအတွက်ဆို ဒိုက်ပါနဲ့အတူ suspenderလေးပါ တွဲဝတ်ပေးထားသင့်ပါတယ်။ ဒါမှသာ သူတို့ဆီက ကျလာတဲ့ သွေးစက်လေးတွေ သင့်အိပ်ရာပေါ် ပရိဘောဂတွေပေါ် မကျအောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။
-စောင်လေး ဆောင်ထားပါ
သင့်ခွေးမလေးနဲ့ သင့်တော်မဲ့ စောင်လေးတထည်လောက် ဆောင်ထားပြီး သူအိပ်တဲ့အခါတိုင်း အောက်ကနေ ဖြန့်ခင်းထားပေးပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင် သင့်အိပ်ရာပေါ် ဆိုဖာပေါ် သွေးစက်လေးတွေ မကျအောင် ကာကွယ်ပြီးသား ဖြစ်ပါမယ်။
-Wet Tissueဆောင်ထားပါ
Wet Tissueလေး အသင့်ဆောင်ထားလိုက်မယ်ဆိုရင် ရာသီသွေးတွေကျလာတာနဲ့ အလွယ်တကူသုတ်သင် သန့်ရှင်းပစ်လို့ ရပါတယ်။ ဒါဆို အိမ်က အသုံးအဆောင်တွေ သင့်အချစ်တော်လေးကြောင့် မညစ်ပေဘဲ အိုကေမှာ စိုပြည်ပြီပေါ့ဗျာ။
*ကိုယ်ဝန်မရသွားအောင် တားဆီးခြင်း
(၁) ခွေးမလေး Heatလာတာနဲ့ သူ့ကို ကြိုးချည်ထားပေးပါ။ ဘာလို့လဲဆိုတော့ သူ့ဟော်မုန်းတွေက ခွေးထီးနဲ့ဆုံဖို့ တွန်းအားပေးချိန်မှာ သူက သင့်စကားကို အရင်လို နားထောင်မှာ မဟုတ်လို့ပါပဲ။.
(၂) ခြံထဲမှာ သူတကောင်တည်း ပစ်မထားခဲ့ပါနဲ့…ဘာလို့လဲဆိုတော့ အဲ့အချိန်မှာ သင့်ခွေးမလေးဆီက ထွက်တဲ့ ဆန့်ကျင်ဘက်ကို ဆွဲဆောင်နိုင်တဲ့ အနံ့တခုကို ခပ်ဝေးဝေးက အထီးတွေအတွက်တောင် ဆွဲဆောင်အားပြင်းနေနိုင်လို့ပါပဲ။ အိမ်မှာခွေးထီးတွေ ရှိရင်တော့ (ခွေးအပေါက်လေးတွေ မလိုချင်ဘူးဆိုရင်) ဒီကောင်တွေကို ဝေးဝေးမှာ နေခိုင်းပေးပါ။
(၃) ခွေးထီးတွေဟာ သူတို့အနားမှာ Heatလာနေတဲ့ ခွေးမ ရှိတယ်ဆိုရင် မိတ်လိုက်ချင်ဇောနဲ့အတူ ရန်လိုစိတ်လဲ ကြီးနေတတ်ပါတယ်။ ဒါကြောင့် သင့်ခွေးနဲ့ ခွေးကျောင်းထွက်မယ်ဆိုရင် အနားပတ်ဝန်းကျင်ကို သတိအနေအထားနဲ့ ကြည့်တတ်ဖို့လိုပါမယ်။
(၄) သွေးဆင်းတာရပ်သွားတာနဲ့ ရာသီစက်ဝန်းတခါတည်း ပြီးသွားတာမဟုတ်တာကို သတိထားပါ။ သင့်ခွေးမလေးက သတိမထားမိလောက်နိုင်တဲ့ အရည်တွေ ကျဆင်းနေတာမျိုးလဲ ရှိနိုင်ပါတယ်။
*သင့်ခွေးမလေးကို သက်တောင့်သက်သာဖြစ်အောင်ထားခြင်း
(၁) ပထမဆုံးအကြိမ် သွေးဆင်းတာဆိုရင်တော့ ဒီဟာကြီးက အတော်ကို ရှုပ်ထွေးတဲ့ အတွေ့အကြုံကြီး ဖြစ်နေမှာပါ။ သင့်ခွေးစိတ်ထဲမှာ အားလုံးအဆင်ပြေပြီး လုံခြုံနေတယ်ဆိုတဲ့ စိတ်ခံစားမှုကို ပေးနိုင်ဖို့ဆိုရင် သခင်က ဒီအချိန်မှာ ပိုပြီးချစ်ပေးဖို့၊ အာရုံစိုက်ပေးဖို့ လိုအပ်ပါတယ်။
(၂) သူ့ကြောင့် သွေးတွေစွန်းထင်းကုန်တာကို မဆူလိုက်ပါနဲ့…ဒီအစွန်းအထင်းတွေကို သန့်ရှင်းနေတဲ့အချိန်မှာ သူ့ကို အပြုသဘောဆောင်တဲ့ စကားတွေ ပြောပေးပါ။
(၃) ခါတိုင်းထက် အပိုဆောင်း ချော့မြှူနိုင်ဖို့ အချိန်တွေ ဖယ်ထားရပါမယ်။ ဝါးလို့ရတဲ့ အရုပ်လေးတွေကလဲ သင့်ခွေးကို စိတ်လုံခြုံအောင် နှစ်သိမ့်ရာမှာ အလုပ်ဖြစ်ပါတယ်။
(၄) သူ့ကို အရင်ထက်ပိုပြီး အပေါ့အလေးသွားဖို့ ခွင့်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ သူ့ကိုယ်သူ စိတ်သက်သာရာရအောင် လုပ်တဲ့အခါမှာ ခါတိုင်းထက်ပိုပြီး အပေါ့အလေးသွားဖို့ စိတ်အားထက်သန်နေတတ်ပါတယ်။
(၅) သင့်ခွေးကို ရေဓာတ် မပြတ်လပ်ရအောင် သေချာ ဂရုစိုက်သင့်ပါတယ်။
*နောက်ဆက်တွဲများကို ကြိုတင်ကာကွယ်ခြင်း
(၁) စိတ်ရှည်ရှည်နဲ့ ဖျားနာ၊ ဝေဒနာ လက္ခဏာ ရှိ မရှိ စောင့်ကြည့်ရပါမယ်။ ခွေးမလေးတွေဟာ အဲလိုအချိန်မှာ သားအိမ်ရောင်ရမ်းခြင်းလို ကျန်းမာရေးပြဿနာတွေကို ကြုံရနိုင်ပါတယ်။ သင့်ခွေးကျန်းမာရေးနဲ့ ပတ်သက်ပြီး အပြောင်းအလဲတခုခုတွေ့တာနဲ့ တိရစ္ဆာန်ကုဆရာဝန်ဆီ တန်းသွားသင့်ပါတယ်။
(၂) သင့်ခွေးမလေးကို ကလေးမရအောင် သားအိမ်ထုတ်ထားလိုက်နိုင်ရင် သားအိမ်ပိုးဝင်ခြင်းကိုပါ ကာကွယ်ရာရောက်ပါတယ်။ ဘယ်အရွယ်မှာ ဒီလိုထုတ်ဖို့ သင့်တော်မလဲဆိုတာကတော့ ကိုယ်ပြပေးနေကျ တိမွေးကုဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
*ခွေးမလေးတွေက ဘယ်နှရက်တစ်ခါ Heatလာတတ်ကြလဲ
ခြုံငုံပြီးပြောရရင် ဓမ္မတာမှန်တဲ့ အရွယ်ရောက်ပြီးသား ခွေးမလေးတွေဟာ ပျမ်းမျှအားဖြင့် တစ်နှစ်မှာ နှစ်ကြိမ် (ခြောက်လစီ ခြားပြီး) Heatလာတတ်ကြပါတယ်။ အသက် သိပ်ငယ်၊ သိပ်ကြီးလွန်းတဲ့ ခွေးမတွေကတော့ ဒီထက်အကြိမ်ရေနဲပြီး လာတတ်ကြပါတယ်။
အရွယ်အစားအရ ပြောရရင်တော့ သေးငယ်တဲ့ ခွေးမလေးတွေဟာ တစ်နှစ်မှာ သုံးကြိမ်လောက် လာတတ်ပြီး ခွေးကြီးမျိုးတွေကတော့ တစ်နှစ်မှာ တစ်ကြိမ်သာ လာတတ်ကြပြန်ပါရောလား။ အမဆိုရင် ခွေးမတောင် ပုံသေခန့်မှန်းရခက်တဲ့ သဘောတွေ ဆောင်နေပြန်ပါရောလားဗျာ(ဤကားစကားချပ်)
*ခွေးထီးတွေမှာရော heatလာနိုင်လား
အဖြေကတော့Noပါ…ခွေးထီးတွေမှာ ဓမ္မတာ ဘာညာကွိကွ ကိစ္စတော့ မရှိကြပါဘူး။ Heatလာတယ်ဆိုတဲ့ အသုံးအနှုန်းဟာ ခွေးမတွေမှာ ခွေးထီးတွေနဲ့ မိတ်လိုက်ပြီး မျိုးပွားဖို့ အချိန်ရောက်လာပြီ၊ တနည်း ခွေးပျိုဘော်ဝင်ပြီဆိုတဲ့ အသုံးမှာပဲ သုံးလို့ရပါတယ်။
ခွေးထီးတွေကျတော့ Heatမလာကြပေမဲ့ အသက် (၆)လလောက်ဆို သိတဲ့အတိုင်း ကိုမျိုးအောင်ဇာတ်လမ်းက စလာပါပြီ…ခွေးကြီးမျိုးတွေကတော့ အကောင်ငယ်မျိုးတွေထက် အနဲငယ် နောက်ကျပြီးမှ ခွေးလူပျိုဘော်ဝင်တတ်ကြပါတယ်။ ခွေးထီးတစ်ကောင်ကတော့ တစ်ခါလောက် ကိုမျိုးအောင်(fertile) ဖြစ်ပြီးတာနဲ့ တစ်နှစ်ပတ်လုံး မိတ်လိုက်နိုင်ကြပါတယ်တဲ့ဗျာ…ကိုယ့်ကောင်တွေကလဲ မလွယ်ဘူးဆရာရေ့…
*နိဂုံးကမ္မက် အဆုံးသတ်
ခွေးမလေးတွေမှာ Heatလာတတ်တာက သဘာဝအတိုင်းဖြစ်တတ်တဲ့ ဖြစ်စဥ်တစ်ခုပါပဲ။ ဒါပေမဲ့ အပြုအမူတွေ ပြောင်းလဲလာတတ်တာရယ် သန့်ရှင်းရေးလုပ်ရတာတွေရယ်ကြောင့် စိတ်ဖိစီးမှု များတတ်ကြပါတယ်။ သင့်ခွေးကို ကလေးမရအောင် လုပ်ထားလိုက်တာက အထောက်အကူဖြစ်ပါတယ်…သင့်ခွေး သွေးမဆင်းအောင် လုပ်လို့ရတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ Spaying (သားအိမ်ထုတ်ခြင်း) ပဲ ဖြစ်ပါတယ်။ Spayingလုပ်ဖို့ကတော့ သင်ပြပေးနေကျ တိမွေးကုဆရာဝန်နဲ့ တိုင်ပင်ပြီး အကြံဉာဏ်ရယူသင့်ပါတယ်။
Comments