စစ်ခွေးတွေဆိုတာ ဘာလဲ?
- Diva The Bully
- Apr 9, 2022
- 2 min read
စစ်ဘက်ဆိုင်ရာသုံးခွေးကြီးတွေကို အသုံးပြုပုံနဲ့ စစ်အင်အားကြီး ကမ္ဘာ့ထိပ်သီး အမေရိကန်မှာ သူတို့ကို ဘယ်လိုတွေ မွေးထုတ်ဖို့ လုပ်ဆောင်နေရတဲ့အကြောင်းလေးတွေ မျှဝေပေးချင်ပါတယ်။
တကယ်တော့ ဟိုး ရှေးခေတ်ကတည်းက ခွေးတွေဟာ လူတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ရှေးက အီဂျစ်၊ ဂရိ၊ ပါရှန်း၊ ရောမ နဲ့ အခြားသူတွေဟာ ခွေးတွေကို ကင်းထောက်၊ ရှေ့ပြေးအဖြစ် သုံးတတ်ကြပြီး တခါတလေမှာဆို သူတို့ကို တိုက်ပွဲအတွင်းကိုတောင် ခေါ်လာတတ်ကြပါသေးတယ်။
Attila the Hunဆိုတဲ့ စစ်ဘုရင်ဆိုရင် မာကြောတဲ့Mastiff-like breedတွေကို သံချပ်အကာအကွယ် အပြည့်ဝတ်ဆင်ပေးပြီး ရှေ့တန်းကို စေလွှတ်တတ်ပါသေးတယ်တဲ့…
ကိုင်း တိုက်ပွဲနဲ့ Dog Breedတသားတည်း ကျလွန်းခဲ့တဲ့ အမှတ်အသားတွေပေါ့ဗျာ။
ပိုပြီးခေတ်မီလာတဲ့ အချိန်ဖြစ်တဲ့
၁၉ရာစု နှောင်းပိုင်းမှာတော့ ဂျာမနီမှာစစ်ဘက်ဆိုင်ရာခွေးလေ့ကျင့်ရေး အစီအစဥ်တွေကို ဖန်တီးခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ဥရောပတလွှားက စစ်တပ်တွေဟာ ပထမကမ္ဘာစစ်ကာလအတွင်းမှာ
ဒဏ်ရာရစစ်သားတွေကို ရှာဖွေပေးဖို့၊ ရိက္ခာတွေထောက်ပို့နိုင်ဖို့၊ ဆက်သားလုပ်ဆောင်ဖို့အတွက် ခွေးတွေကိုစတင်သုံးစွဲခဲ့ကြပါတယ်။
အမေရိကန်ပြည်တွင်းစစ်မှာကတည်းက ခွေးတွေဟာစစ်သားတွေနဲ့ ရင်ဘောင်တန်းပြီး
စစ်ပွဲထဲပါဝင်နေခဲ့ရပေမဲ့ဒုတိယကမ္ဘာစစ်ကာလမတိုင်ခင်ထိ
K-9/canine unit (ရဲဘက်ဆိုင်ရာသုံးခွေးတွေ) ပေါ်မလာသေးပါဘူး။
အမေရိကန်မှာ K9တွေကို၁၉၄၂၊ မတ်၁၃ကျမှတရားဝင်အသိအမှတ်ပြုပေးခဲ့ပါတယ်။
ဒီနေ့မှာတော့ military working dogတွေဟာ စစ်တပ်တွေရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။
ဒါပေမဲ့ အစောပိုင်းကာလတွေနဲ့ မတူတာက သူတို့ကို အဖိုးတန်၊ အမျိုးမှန် ခြေလေးချောင်း စစ်သည်တော်တွေအဖြစ် တန်ဖိုးထားတတ်လာခဲ့ကြပါပြီ။
အမေရိကန်စစ်တပ်မှာဆိုရင် ခွေးတွေကို အမျိုးမျိုးသောလုပ်ငန်းတွေမှာ အသုံးတော်ခံခိုင်းတတ်ကြပါတယ်။
ခြေရာခံခြင်း၊ မိုင်းရှင်းလင်းခြင်း၊ ကင်းလှည့်ခြင်း၊ရှာဖွေကယ်ဆယ်ခြင်းနဲ့ တိုက်ခိုက်ရေးတွေမှာ အသုံးချနိုင်ဖို့
ခွေးတွေကို လေ့ကျင့်ပေးထားကြပါတယ်။
သူတို့လုပ်ဆောင်မှုတွေက အဖိုးမဖြတ်နိုင်လောက်တဲ့
ကိစ္စတွေ ဖြစ်တာကြောင့် ဒီခွေးတွေကိုတကယ့် အဖိုးတန်အရင်းအမြစ်တွေအဖြစ် သတ်မှတ်ထားကြတာဟာ
သိပ်တော့ အထူးအဆန်းမဟုတ်ပါဘူး။

တကယ်တော့ သေချာလေ့ကျင့်ပေးထားတဲ့ Military Working Dogs (MWD)တွေက
ရှားပါးလာတာကြောင့် သူတို့ကို လိုချင်ကြတဲ့ Demandက အမြင့်ဆုံးရောက်နေတဲ့ အနေအထားလို့တောင် ဆိုနိုင်ပါတယ်။
Air Forceက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရဆိုရင် လေ့ကျင့်ထားပြီးသား ခွေးအရေအတွက်ဟာ
အာဖဂန်ရဲ့ စစ်ပွဲရေချိန်မြင့်ကာလအတွင်းမှာ ရှိခဲ့တဲ့အရေအတွက်ထက်
၃၈ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်တဲ့…
ဒီလိုလေ့ကျင့်ပြီးသားခွေးတွေကို ထိန်းသိမ်းပျိုးထောင်ရတာကလဲ အဓိကစဥ်းစားရတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ခွေးကို ရှေ့တန်းမှာ ခိုင်းစေထိန်းကျောင်းသူက သူ့ကို ဂရုစိုက်ပေးဖို့
တာဝန်အပြည့်အဝရှိပါတယ်။
ရှေ့တန်းမှာ ဒီကောင်ကြီးတွေဒဏ်ရာရရင် ရှေးဦးသူနာပြုနည်းတွေနဲ့ အရင်ကုပေးထားပြီး
အသက်ကယ်ပေးထားဖို့ လိုအပ်ပါတယ်။ ခုဆိုရင် အမေရိကန်ကာကွယ်ရေးဌာနဟာ
ဒီခွေးကြီးတွေ ရှေ့တန်းမှာရော နောက်တန်းမှာပါ လိုအပ်သလို ပြုစုကုသခံရဖို့အတွက် စနစ်တကျ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
ရှေးရှေးတုန်းကလို ခွေးတွေကို လက်နက်တစ်ခုအဖြစ်သာ
အသုံးချကြတဲ့ ခေတ်နဲ့ ဒီဘက်ခေတ်က မတူတော့ပါဘူး။
စစ်ဘက်ဆိုင်ရာခွေးတွေကို ဒီနေ့ခေတ်မှာတော့
ရဲဘော်ရဲဘက်တွေအဖြစ် အမြင်တွေပြောင်းလာကြပါတယ်။
ဒါကြောင့် ရဲဘော်ရဲဘက်ဖြစ်တဲ့ ဒီကောင်ကြီးတွေကလဲ သူတို့ရဲ့ လူသားလုပ်ဖော်ကိုင်ဘက်တွေရနေသလိုပဲ
အရည်အသွေးတူတဲ့ ပြုစုကုသမှုနဲ့ ဆေးဝါးအထောက်အပံ့တွေ ရဖို့ ထိုက်တန်ပါတယ်။
လူတွေနဲ့အတူ ရှေ့တန်းမှာ အားကျိုးမာန်တက်အမှုတော်ထမ်းနေကြတဲ့ စစ်ခွေးကြီးတွေအတွက် ဒဏ်ရာတွေကို ပြုစုကုသပေးနိုင်ဖို့ စစ်သူနာပြုတွေကို သေချာ လေ့ကျင့်သင်ကြားပေးလာခဲ့ကြပါပြီ။

စစ်ဘက်ဆိုင်ရာအမှုထမ်းခွေးများရဲ့ အချက်အလက်များ
• အမေရိကန်မှာ စစ်ခွေးတွေနဲ့ သူတို့ကိုထိန်းကျောင်းသူစစ်သားတွေကို Lackland Air Force Base, San Antonio, Texasမှာ ရှိတဲ့ the 341st Training Squadronမှာ လေ့ကျင့်သင်ကြားပေးလေ့ရှိပါတယ်။
• New Jersey ပြည်နယ်မှာ ရှိတဲ့ Holmdelဟာ the United States War Dogs Memorialတည်ရှိရာနေရာ ဖြစ်ပါတယ်။ အဲဒီအထိမ်းအမှတ်နေရာရဲ့ အလယ်တည့်တည့်မှာ ဗီယက်နမ်စစ်ပွဲဝင်စစ်သားတစ်ယောက်နဲ့
သူ့ခွေးပုံကို ကြေးရုပ်တုအဖြစ် ဂုဏ်ပြုထားရှိပါတယ်။ ဒီအထိမ်းအမှတ်ရုပ်တုဟာ အမေရိကန်ရဲ့ သမိုင်းဝင် တိုက်ပွဲဝင်ခွေးအားလုံးကို အမှတ်တရဂုဏ်ပြုထားတဲ့ အပြောင်မြောက်ဆုံး သင်္ကေတတစ်ခုလဲ ဖြစ်ပါတယ်။
• ဒီလို K-9 unit တွေကို တိုက်ပွဲတွေမှာ ထည့်သုံးတဲ့ အစောဆုံးမှတ်တမ်းကတော့ ၆၀၀BCလောက်မှာ ဖြစ်ပွားခဲ့တဲ့ Alyattes of Lydia Vs the Cimmerians တို့ရဲ့ တိုက်ပွဲမှာပါတဲ့။
• The Military Working Dog Teamsရဲ့နိုင်ငံလုံးဆိုင်ရာ အထိမ်းအမှတ်ကတော့ (National Monument) Lackland Air Force Baseမှာ ရှိတဲ့ U.S. National Monumentပဲ ဖြစ်ပါတယ်။
ဒီအထိမ်းအမှတ်ရုပ်တုကို ဗီယက်နမ်စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ခြေလျင်တပ်သားဟောင်း John Burnamက စိုက်ထူခဲ့တာဖြစ်ပါတယ်။ သူဟာ ဂျာမန်ကင်းထောက်ခွေးကိုလဲ militia dog အဖြစ်
၂ နှစ်တိုင်တိုင် ထိန်းကျောင်းခဲ့ပါသေးတယ်။
သူ စိုက်ထူခဲ့တဲ့ရုပ်တုဟာ ဒုတိယကမ္ဘာစစ်ကနေ စတင်ခဲ့တဲ့ စစ်ပွဲအားလုံးနဲ့ အမေရိကန်ရဲ့ တပ်ငါးခုဖြစ်တဲ့ Army, Marines, Navy, Air Force, and Coast Guardတို့ကို ကိုယ်စားပြုပါတယ်။
ဒီလိုစိုက်ထူတဲ့ ကုန်ကျစရိတ်ကိုတော့ စုပေါင်းမတည်သူတွေနဲ့ public donations raised by the John Burnam Memorial Foundationမှာ လူထုထည့်ဝင်ငွေတွေကနေ ရယူသုံးစွဲခဲ့တာဖြစ်ပါတယ်။
• Lackland Air Force Baseမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဥ်တစ်ခုကို တည်ထောင်ထားပြီး စစ်ဘက်ဆိုင်ရာသုံးခွေးတွေအတွက် အကာအကွယ်ဝတ်စုံ(Body Armor)နဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံး(Gas Mask)တွေကို အဆင့်မြှင့်တင်နိုင်ဖို့ လေ့လာနေကြပါတယ်။
• Lackland Air Force Baseမှာရှိတဲ့ ခွေးကြီး၊ ခွေးသေး ၉၀၀လောက်ကို ကုသပေးနိုင်ဖို့ the Army Public Health Centerရဲ့ ယူနစ်အခွဲတစ်ခုအဖြစ် The Department of Defense Military Working Dog Veterinary Serviceကို ထူထောင်ထားပြီး ခွေးတွေရဲ့ ကျန်းမာရေးကို ကြည့်ရှု စောင့်ရှောက်ပေးနေပါတယ်။
ကုသရေးအဖွဲ့မှာ တိရစ္ဆာန်ကုသရေးဆရာဝန် ၁၄ယောက်၊
နည်းပညာရှင် ၂၃ယောက်နဲ့ ဆေးဘက်ဆိုင်ရာမဟုတ်တဲ့
အခြားဝန်ထမ်း ၆ယောက်တို့ ပါဝင်ပါတယ်။
• Department of Defenseမှာ သုံးနေတဲ့ စစ်ခွေးတွေရဲ့ ၁၀ရာခိုင်နှုန်းလောက်ဟာ Lacklandရဲ့ အိမ်မွေးခြံပေါက်ခွေးတွေ ဖြစ်ပါတယ်။ ကျန်တဲ့ခွေးတွေကတော့ နိုင်ငံ့အဝှမ်းနဲ့ နိုင်ငံခြားမှာ ရှိတဲ့ စုစုပေါင်း ခွေးရောင်းသူ ၃၀ဝန်းကျင်လောက်ဆီကနေ ဝယ်ထားတဲ့ခွေးတွေပဲ ဖြစ်ပါတယ်။
• အမေရိကန်စာတိုက်လုပ်ငန်း(The U.S. Postal Service)ဟာ စစ်ဘက်ဆိုင်ရာခွေးတွေရဲ့ အခန်းကဏ္ဉကို အသိအမှတ်ပြုတဲ့အနေနဲ့ ၂၀၁၉ခုနှစ်မှာ the German Shepherd Dog, Labrador Retriever, Belgian Malinoisနဲ့ Dutch Shepherdတို့ရဲ့ ပုံရိပ်တွေပါဝင်တဲ့ တံဆိပ်ခေါင်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာခွေးတွေရဲ့ ရောင်းလိုအား၊ ဝယ်လိုအား
• အပြည့်အဝလေ့ကျင့်သား ရထားတဲ့ ဗုံးရှာခွေးတစ်ကောင်ရဲ့ တန်ကြေးက ဒေါ်လာ ၁၅၀,၀၀၀အထက်မှာ ရှိပါတယ်။
• အမေရိကန်ရဲ့ အကြီးဆုံး ခွေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The AKCဟာ နိုင်ငံတွင်းသုံးဖို့အတွက် အနံ့ခံခွေးတွေမွေးထုတ်ပေးဖို့အစိုးရရဲ့တိုက်တွန်းတောင်းဆိုခြင်းကို ခံခဲ့ရပါတယ်။
ဘာလို့လဲဆိုတော့ အစိုးရအဖွဲ့အစည်းတွေဟာ ဆယ်စုနှစ်များစွာတိုင်အောင် ဥရောပသားဖောက်မျိုးတွေအပေါ်မှာ မှီခိုပြီး သူတို့ရဲ့ ထောက်လှမ်းရေးခွေးလိုအပ်ချက်ကို ဖြည့်တင်းခဲ့ရတာကြောင့်ပါပဲ။
• အမေရိကန်မှာရှိတဲ့ ခွေးသားဖောက်ရောင်းချသူတွေ၊ နိုင်ငံသားတွေနဲ့ သုတေသနအဖွဲ့အစည်းတွေ သတိပြုမိလာအောင် တပ်လှန့်တဲ့အနေနဲ့ An AKC Detection Dog Task Forceဆိုတဲ့ အဖွဲ့တစ်ခုကိုလဲ တည်ထောင်ပြီး အဖွဲ့အစည်းအလိုက် ပါဝင်ပတ်သက်မှုအားကောင်းအောင် လှုံ့ဆော်ခဲ့ကြပါသေးတယ်။
• မိုင်းရှင်းရာ၊ ကင်းလှည့်ရာမှာ ခိုင်းစေနိုင်တဲ့ခွေးတွေကို မျိုးဖောက်ရာမှာ ပိုမိုကောင်းမွန်လာစေဖို့အတွက် ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ပြီး Detection Dog Task Force conferenceတွေကို ပြီးခဲ့တဲ့နှစ်တွေမှာ ကျင်းပခဲ့ကြတဲ့အထိ အနာဂတ်မျိုးကောင်းတွေအတွက် အားထုတ်ခဲ့ကြပါတယ်။
• အမေရိကန်မှာ ခန့်မှန်းခြေ ခွေးပေါင်း ၇၃သန်းလောက်ရှိပြီး ၁၀သန်းလောက်က purebredဖြစ်နေပေမဲ့ working/detector dogsရဲ့ ၈၀ရာခိုင်နှုန်းအထက်ကို အရှေ့ဥရောပနိုင်ငံတွေကနေ တင်သွင်းနေရပါတယ်တဲ့…ကဲ မဆန်းပေဘူးလားဗျာ။
• ဖယ်ဒရယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ နှစ်စဥ်ဆိုသလို ၁၀လကနေ ၁၂လအတွင်း ရှိတဲ့ ခွေးလေးတွေကို လိုက်လံစုဆောင်း ရှာဖွေရပါသတဲ့။
• သူတို့ဆီ လာရောက်ရောင်းချတဲ့ခွေးတွေကို Lackland training centerဆီ ခေါ်လာခိုင်းပြီး Department of Defenseကနေ တန်ဖိုးသတ်မှတ် ရွေးချယ်မှုတွေ လုပ်ကြပါတယ်။ ဒီလို တန်ဖိုးဖြတ်ဖို့အတွက် Centerမှာ ခွေးတွေကို ၁၀ရက်လောက် ထားခဲ့ရပါတယ်တဲ့။
AKC Detection Dog Task Force
• The Detection Dog Task Forceဟာ အပေါ်မှာ ပြောခဲ့တဲ့ ကွန်ဖရင့်တွေကို လက်ခံကျင်းပေးပြီး သားဖောက်ရောင်းချသူ၊ အကျိုးတူပူးပေါင်းသူ၊ ဝယ်သူတွေအကြားက မျှခြေဖြစ်တဲ့ နေရာလေးတစ်ခုကို ဖန်တီးပေးထားပါတယ်။ ဒီမှာတင် Networkချဲ့ထွင်နိုင်သလို အခက်အခဲတွေကိုလဲ ဆွေးနွေးအဖြေရှာနိုင်ကြပါတယ်။
• The AKC ကတော့ အစိုးရအဖွဲ့အစည်းတွေနဲ့ Washington, D.C၊ Lackland Air Force Base.တို့မှာ တွေ့ဆုံပြီး နိုင်ငံရဲ့ canineလိုအပ်ချက်နဲ့ ရေရှည်အဆင်ပြေမဲ့ အဖြေကို ဆွေးနွေးရှာဖွေပါတယ်။
• The AKCဟာ Patriotic Puppy Programဆိုတဲ့ အစီအစဥ်တစ်ခုကို စတင်ရေးဆွဲပြီး သားဖောက်သူတွေကို အစိုးရနဲ့ နိုင်ငံအတွက် လိုအပ်တဲ့ ထောက်လှမ်းရေးခွေးအမျိုးအစားတွေ သားဖောက် ရောင်းချပေးနိုင်ဖို့ တိုက်တွန်း လှုံံ့ဆော်ပါတယ်။ ဒီစနစ်ဟာ သားဖောက်သူနဲ့ လေ့ကျင့်ပေးသူတို့ လိုအပ်တဲ့ အချက်အလက်တွေကို ဝက်ဘ်ဆိုက်၊ ဆိုရှယ်မီဒီယာကနေ ပေးပို့ပြီး မကြာခင် ဒီဝက်ဘ်ဆိုက်ဟာ ထောက်လှမ်းရေးခွေးတွေရဲ့မျိုးဗီဇဆိုင်ရာ သုတေသနလုပ်ငန်းတွေမှာ အကြီးဆုံး ဒေတာသိမ်းဆည်းရာကြီးတစ်ခု ဖြစ်လာပါတော့မယ်။
• The task forceဟာ အစိုးရနဲ့ ချိတ်ဆက်ထားပြီး ပြည်တွင်းမှာရှိတဲ့ အိမ်ဖောက်ခွေးလိုအပ်ချက်ကို အကောင်းဆုံး ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
ဖတ်ရှုပေးတဲ့အတွက် ဗဟုသုတ တစ်ခုခု ရရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
Thank you
Comments